မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချတ်အာနိုးလ်သည် အသင်းမှထွက်ခွာလိုနေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား အသင်းတွင် ဆက်ရှိနေစေရန်အတွက် ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၃၇)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ကစားလိုခြင်းကြောင့် သင့်တော်သည့်ကမ်းလှမ်းမှုရှိပါက ယခုနွေတွင် အသင်းမှထွက်ခွာခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်တစ်ပတ်ကတည်းက မန်ယူအသင်းနှင့်ပူးပေါင်းရမည်ဖြစ်သော်လည်း မိသားစုကိစ္စများရှိသည်ဟုဆိုကာ ခွင့်ယူထားပြီး မန်ယူအသင်း၏ ရာသီကြိုခရီးစဉ်ကိုလည်း လိုက်ပါခဲ့ခြင်း မရှိပေ။
စီရော်နယ်လ်ဒိုအနေဖြင့် ယင်းကဲ့သို့ မန်ယူအသင်းမှ ထွက်ခွာရန်စီ စဉ်နေသော်လည်း အသင်းနည်းပြသစ် တန်ဟက်ဂ်က စီရော်နယ်လ်ဒိုကို ရောင်းထုတ်မည်မဟုတ်ကြောင်း ဇူလိုင် (၁၁) ရက်က လူသိရှင်ကြား ပြောကြားခဲ့သည်။
ထို့ကြောင့် ယခုအခါ မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချတ်အာနိုးလ်သည် စီရော်နယ်လ်ဒိုအား အသင်းတွင် ဆက်နေရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
The Times ၏ ဖော်ပြမှုအရ ရစ်ချတ်အာနိုးလ်သည် စီရော်နယ်လ်ဒိုအား အခြားအသင်းများနှင့်ဆွေးနွေးရန် ခွင့်ပြုထားသလို၊ အခြားတစ်ဖက်တွင်လည်း အသင်း၏စီမံကိန်းများကို ပြောပြကာ ၎င်းကို အသင်းတွင်ဆက်နေရန် ဆွဲဆောင်နေခြင်းဖြစ်သည်။















