ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် အစုန်/အဆန် ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများတွင်လည်း ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် အစုန်/အဆန် ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများတွင်လည်း ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်
ပုံစာ- ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသည့် လေအိတ်ရထားတွဲဆိုင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-MOI)
ပုံစာ- ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသည့် လေအိတ်ရထားတွဲဆိုင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-MOI)
Published 13 July 2022

ဇူလိုင် ၁၀ ရက်မှစ၍ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် အစုန်/အဆန် ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများတွင်လည်း ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းအပြီးတွင် ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ခရီးသွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထားက ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာ ဇွန် ၃၀ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ လူစီးကုန်တင်ရထား နှစ်စင်း၊ ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား လေးစင်း၊ နေပြည်တော်-တောင်တွင်းကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ မန္တလေး-မတ္တရာ-သူရဲဈေး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းတွင် စာပို့ရထားလေးစင်း၊ စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် RBE ရထား ၂၆ စင်း စုစုပေါင်း ၅၄ စင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ရထားစီးနင်း၍ ခရီးသွားလာမှု များပြားလာခြင်းကြောင့် ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ဇူလိုင် ၁၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန် အမြန်ရထား နှစ်စင်းအား အစုန်/အဆန် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဇူလိုင်၂၅ ရက်၌ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား နေ့စဉ် အစုန်/အဆန်ပြေးဆွဲခြင်း၊ ဩဂုတ် ၂၀ ရက်၌ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ရန်ကုန်မှ ပြည်၊ ပြည်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား နေ့စဉ်ခေါက်ပြန် ပြေးဆွဲခြင်းများကို ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

ရထားများပြေးဆွဲရာတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ်(၅)အဆန်သည် ရန်ကုန်မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာ၍ မန္တလေးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ရောက်ရှိပြီး အမှတ်(၆)အစုန် အမြန်ရထားသည် မန္တလေးမှ မွန်းလွဲ ၂ နာရီတွင်ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ မော်လမြိုင်သို့ နံနက် ၆ နာရီတွင် ရောက်ရှိပြီး အမှတ်(၈၂)အစုန် အမြန်ရထားသည် မော်လမြိုင်မှ ည ၈ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ပြည်သို့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး အမှတ်(၆၂) အစုန်အမြန်ရထားသည် ပြည်မှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ရထားဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များကို လိုရာခရီးသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှုများပြားလာသည့် အခြေအနေအပေါ်မူတည်၍ ရထားခရီးစဉ်များကို ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

 

 

Most Read

Most Recent