လမ်းမတော်မြို့နယ်တွင် ငွေလွှဲလုပ်ငန်းဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၅၀၀ ခန့် ယူဆောင်သွား

လမ်းမတော်မြို့နယ်တွင် ငွေလွှဲလုပ်ငန်းဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၅၀၀ ခန့် ယူဆောင်သွား
Published 11 July 2022

လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း၊ အောက်ဘလောက်၊မြေညီထပ်ရှိ အိမ်အမှတ် ၄၄(A)တွင် ဖွင့်လှစ် ထားသော ငွေလွှဲလုပ်ငန်း တစ်ခုတွင် ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခန့်က ဓားပြတိုက်ခံရပြီး သိန်း ၅၀၀ ခန့် လုယက်ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် ကျူးလွန်သူများသည် ငွေသားအပြင် ဖုန်းနှစ်လုံးကိုလည်း လုယက်ယူဆောင်သွားကြောင်း၊ အသက် ၃၀ ကျော်အရွယ်ခန့် အမျိုးသားအပါအဝင် လေးဦးပါဝင်သည့် အုပ်စုဖွဲ့ကာ ပြစ်မှုကျူးလွန်သွား ကြောင်း သိရသည်။

ဓါးပြတိုက်ခံရသည့် ငွေလွှဲလုပ်ငန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက " မနက် ၉ နာရီ ၅၀ မိနစ် လောက်မှာ ကျွန်တော်တို့က ငွေလွှဲသူတစ်ယောက်ကို ငွေလွှဲပေးနေတုန်း သူတို့က ဝင်လာတာ။ ငွေလွဲတဲ့သူတွေ မဟုတ်ဘူး။ အလုပ် ရှုပ်နေတဲ့အချိန်ပါ။ အမျိုးသား လေးယောက် သေနတ်တစ်လက်နဲ့ ဓားအတို တစ်ချောင်း၊ အရှည်နှစ်ချောင်း ပါတယ်။ ပြီးတော့ ငွေလွှဲတဲ့ပိုက်ဆံတွေရော၊ အထဲမှာရှိတဲ့ပိုက်ဆံတွေရော ယူသွားတယ်။ ခန့်မှန်းခြေ သိန်း ၅၀၀ လောက်ပါသွားပါတယ်။ ပြီးတော့ ဆိုင်ထဲမှာရှိတဲ့သူတွေကို ရေချိုးခန်းနဲ့ အိမ်သာထဲမှာ ပိတ်ထားပြီး အတွင်းတံခါးကို ဂျက်ထိုးပြီး ထွက်သွားတယ်။ သူတို့ မရှိတော့တာသေချာမှ ပိတ်ထားခံရတဲ့သူတွေ ပြန်ထွက် လာရဲတယ် " ဟု ပြောကြားခဲ့သည်။

ငွေအနုကြမ်းစီးခံရသည့်  ငွေလွှဲဆိုင်သည် ငွေလွှဲလုပ်ငန်း လုပ်ကိုင်လာသည်မှာ ၁၀ နှစ် ခန့်ရှိပြီဖြစ်ပြီး ရန်ကုန်- ဘိုကလေး ငွေလွှဲလုပ်ကိုင်ကြောင်း၊ Digital Money အေးဂျင့်အဖြစ်လည်း လုပ်ကိုင် ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့များမှ လာရောက်စစ်ဆေးမှုများ၊ မေးမြန်းမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်စဉ်အား လမ်းမတော်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။