ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်စွဲဆိုထားသည့်အမှုအတွက် လူကယ်ပြန်ဒုဝန်ကြီးဟောင်းကို ပြန်လှန်စစ်​ဆေးမှု ဆက်လက်ပြုလုပ်

ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်စွဲဆိုထားသည့်အမှုအတွက် လူကယ်ပြန်ဒုဝန်ကြီးဟောင်းကို ပြန်လှန်စစ်​ဆေးမှု ဆက်လက်ပြုလုပ်
Published 5 July 2022

ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့်တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးစိုး​အောင်အား ပြန်လှန်စစ်မေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် ဇူလိုင် ၄ ရက်က သမ္မတ​ဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ဇူလိုင် ၄ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ စောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉နှင့် ၅၀ တို့အနက်မှ ရဟတ်ယာဉ်ငှား ရမ်းခြင်းဆိုင်ရာကိစ္စရပ်များအတွက် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ အတွက် တရားလိုပြသက်သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးစိုး​အောင်အား စွပ်စွဲခံရသူများ၏ ​ရှေ့နေများက ပြန်လှန်စစ်​​​မေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့်အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများနစ်နာ ဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့်​ ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြ၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကိုလိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေသည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်​​ ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို တရားစွဲဆိုထားသည့်အမှုများအား ​​ဇူလိုင် ၁၁ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းနှင့် ရုံးချိန်းအပြီးတွင် ဦးဝင်းမြင့်သည် ​နေပြည်​တော်အချုပ်ထောင်အထူးတရားရုံးမှ ၎င်းအား မူလထိန်းသိမ်းထားသည့် ​နေရာသို့ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။

Most Read

Most Recent