နစကအဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံအထူးကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုကိစ္စရပ်များ ဆွေးနွေး

နစကအဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံအထူးကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုကိစ္စရပ်များ ဆွေးနွေး
Published 2 July 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရလဒ်ကောင်းများရရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဦးလှမောင်ရွှေနှင့် အာဆီယံအထူး ကိုယ်စားလှယ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

Most Read

Most Recent