ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာတံတားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာရာဘာခြံ၌ ငွေကျပ်သိန်း ၆၂၀၀ ကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာတံတားတွင် ဇွန်လ ၂၇ ရက်နေ့ည ၁၀ နာရီ ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်းနေစဉ် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာဘက်သို့ အားကျို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ထိုည ၁၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာရာဘာခြံရှိ အားဆော် ၏နေအိမ်အားရှာဖွေရာ အားဆော် မှာတိမ်းရှောင်သွားပြီး ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက် တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ရာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုး ဖြစ်ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ စိတ်ကြွမူယစ်ဆေးဝါးများကို မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ အားကျို့နှင့် နေအိမ်အတွင်း ဘိမ်းဖြူနှင့် မူယစ်ဆေးဝါးများကို ထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသူ အားဆော်တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လူနှစ်ဦးသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန် သာစည်မြို့နယ်၊ တောင်ကြီး - မိတ္ထီလာသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဆန်းမျိုးအောင် မောင်းနှင်ကာ ချမ်းငြိမ်းအောင် စီးနင်းလိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြသည်။
ဆန်းမျိုးအောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၆ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ကြောင်း ဆက်လက်သိရိရပါသည်။
သာစည်မြို့မရဲစခန်း မှ ဆန်းမျိုးအောင်(၃၂) နှစ် နှင့် ချမ်းငြိမ်းအောင်(၂၁)နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဆက်လက်သတင်းရရှိပါသည်။















