ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဖြေဆိုရမည့် EPS-TOPIK စာမေးပွဲအတွက် စာမေးပွဲလျှောက်လွှာတင်ရက်များ ကြေညာပြီး လုပ်ငန်းသုံးမျိုးအတွက် အလုပ်သမား ကိုးထောင်ကျော် လျာထားကြောင်း ဇွန် ၂၉ ရက်တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ Facebook စာမျက်နှာဖြစ်သည့် POEA-EPS၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ် ပဉ္စမအကြိမ် (ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း)နှင့် ဆဌမအကြိမ် (စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း) စာမေးပွဲ အစီအစဉ်ကို ကိုဗစ်ရောဂါကူးစက်မှုအား ကာကွယ်သည့်အနေဖြင့် ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးခြင်း (EPS-TOPIK)နှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) တို့ကို တစ်ပါတည်း ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်းအနေဖြင့် ကိုယ်ကာယကြံံ့ခိုင်မှု (အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တိုင်းတာခြင်း)နှင့် အရောင်များအား ခွဲခြားနိုင်စွမ်း ရှိ မရှိ (Colour Blind) မျက်စိစစ်ဆေးတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်းများအတွက် စာမေးပွဲလျှောက်လွှာတင်သွင်းရက်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ အထိဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲလျှောက်လွှာတင်သွင်းခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်၍ စာမေးပွဲလျှောက်လွှာတင်သွင်းနိုင်ရန် Link (သို့မဟုတ်) QR Code ကို အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ၏ Facebook စာမျက်နှာဖြစ်သည့် POEA-EPS၊ အလုပ်သမားဝန်ကြီးဌာန website https://www.mol.gov.mm နှင့် Safe Migration Facebook တို့တွင် ရယူနိုင်မည်ဖြစ်ကြောင်း၊ Online စနစ်ဖြင့် စာမေးပွဲလျှောက်လွှာတင်သွင်းရမည့် အသေးစိတ်ကို ဖော်ပြပါ Facebook နှင့် website များတွင် ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စာမေးပွဲလျှောက်လွှာတင်သွင်းခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်ပြီး စာမေးပွဲလျှောက်လွှာတင်သွင်းမှုအောင်မြင်သူသည် မိမိတို့လက်ကိုင်ဖုန်းသို့ လျှောက်လွှာနံပါတ်ပြန်လည် လက်ခံရရှိမည်ဖြစ်ကြောင်း၊ ယင်းနောက် လျှောက်လွှာနံပါတ်အလိုက် စာမေးပွဲမှတ်ပုံတင်ကြေး တင်သွင်းရမည့် နေ့ရက်၊ နေရာနှင့် အချိန်များကို ဖော်ပြပါ Facebook နှင့် website များတွင် ထပ်မံအသိပေးကြေညာမည်ဖြစ်ကြောင်း၊ စာမေးပွဲမှတ်ပုံတင်ကြေးမှာ အမေရိကန်ဒေါ်လာ ၂၄ ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ကြောင်း သိရသည်။
စာမေးပွဲလျှောက်လွှာတင်သွင်းသူများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for Visit (PV) သို့မဟုတ် Passport for Job (PJ) ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် Passport စာအုပ် သက်တမ်းရှိသူများအား စာမေးပွဲလျှောက်လွှာတင်သွင်းခြင်းကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် စာမေးပွဲအောင်မြင်သူများသည် အလုပ်လျှောက်လွှာတင်သွင်းရာ၌ နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for Job (PJ) ဖြင့်သာ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး သက်တမ်း အနည်းဆုံး (၁)နှစ်ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲများကို Computer Based Test စနစ်ဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး ကုန်ထုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကျင်းပမည့် စာစစ်ဌာန၊ နေ့ရက်နှင့် အချိန်ကို ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်တွင် ကြေညာမည်ဖြစ်ပြီး၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းအတွက် စာမေးပွဲကျင်းပမည့် စာစစ်ဌာန၊ နေ့ရက်နှင့် အချိန်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကုန်ထုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးခြင်း (EPS-TOPIK)နှင့် အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်း (Skills Test) ကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်အထိဖြစ်ပြီး စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းအတွက် စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ စာမေးပွဲအောင်စာရင်းများကို ကုန်ထုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ကြေညာမည်ဖြစ်ပြီး စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် EPS-TOPIK စာမေးပွဲဖြေဆိုပြီးနောက် ကုန်ထုပ်လုပ်ငန်းအတွက် အမှတ်ပေးစည်းမျဉ်းမှာ အမှတ်ပြည့် ၁၀၀ တွင် အောင်မှတ် ၅၅ မှတ်အထက် သတ်မှတ်ပြီး အောင်မြင်မှုဦးရေ ခန့်မှန်းချက်မှာ ၇၀၄၅ ဦးဖြစ်ကြောင်း၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများအတွက် အမှတ်ပေးစည်းမျဉ်းမှာ အမှတ်ပြည့် ၉၀ တွင် အောင်မှတ် ၃၆ မှတ်အထက် သတ်မှတ်ပြီး အောင်မြင်မှုဦးရေ ခန့်မှန်းချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွင် ၁၄၈၅ ဦးနှင့် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းတွင် ၅၉၅ ဦး ဖြစ်ကြောင်း သိရသည်။
စာမေးပွဲကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်၍ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကြေညာသည့် သတင်းအချက်အလက်များသည်သာ အတည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် မိမိဆန္ဒအလျောက် လျှောက်ထားဖြေဆိုနိုင်ပြီး၊ ဖြေဆိုအောင်မြင်ပြီးသူတိုင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရမည်ဟု အာမ မခံကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမားခန့်ထားမှုစနစ် (Point System for recruitment of foreign workers) ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။















