၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း UNICEF ထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း UNICEF ထုတ်ပြန်
Published 28 June 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံးကလေးငယ် ၁၁၅ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ဗုံးသီးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်မှာ ဇွန် ၁၉ ရက်တွင် ကလေးနှစ်ဦးက တောထဲ၌ တွေ့ရှိခဲ့သော မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ကစားနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း (UXO) များသည် မြန်မာနိုင်ငံရှိ ကလေးငယ်များစွာကို အသက်ဆုံးရှုံးစေခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံးကလေးငယ် ၁၁၅ ဦး သေဆုံးဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဧပြီအတွင်းမှာပင် သေဆုံးဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိရှိခဲ့ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခအချိန်များအတွင်း ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့်အပါအဝင် အားနည်းထိခိုက်လွယ်ဆုံးသူများဖြစ်ကြောင်း၊ ကလေးငယ်များမှာ လူကြီးများထက် အရွယ်အစားအားဖြင့် ပိုမိုသေးငယ်သောကြောင့် ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝခံရ နိုင်ဖွယ်ပိုများသည်ဖြစ်ရာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်ဒဏ်ရာရာနိုင်ချေပိုများကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် သေဆုံးဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်းကိုလည်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သို့သော အခြေအနေမျိုးတွင်မဆို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများကို အဓိကထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ပထမငါးလအတွင်း UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ၂၀၀၀၀ အား ပေါက်ကွဲစေတတ်သောလက်နက်များအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNICEF အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ထိခိုက်နစ်နာသူများအတွက် အကူအညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) များကို ရှင်းလင်းကြပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent