နိုင်ငံသုံးခုရှိ မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ သံတမန်ဆက်ဆံရေး အဆင့် လျှော့ချပြီး သံရုံးယာယီတာဝန်ခံများအဖြစ် အစားထိုးခန့်အပ်

နိုင်ငံသုံးခုရှိ မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ သံတမန်ဆက်ဆံရေး အဆင့် လျှော့ချပြီး သံရုံးယာယီတာဝန်ခံများအဖြစ် အစားထိုးခန့်အပ်
Published 28 June 2022

နိုင်ငံသုံးခုရှိ မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချပြီး သံရုံးယာယီတာဝန်ခံများအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ နိုင်ငံများမှာ သြစတြေးလျ၊ ဂျာမနီ၊ ဘရူနိုင်း နိုင်ငံတို့ဖြစ်ပြီး မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံများမှ သံအမတ်များကို ပြန်လည်ခေါ်ယူကာ သံရုံးယာယီတာဝန်ခံများသာ စေလွှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး သံတမန်အဆင့်လျော့ချခဲ့ခြင်းလားဟု The Daily Eleven သတင်းစာက မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မှန်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါနိုင်ငံများမှာ မြန်မာနိုင်ငံသံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး အဆင့်လျှော့ချခဲ့ခြင်းကြောင့် ယင်းသို့ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဂျာမနီရယ်၊ သြစတြေးလျရယ်၊ ဘရူနိုင်းရယ်ပေါ့နော်။ သူတို့အနေနဲ့ကလည်း လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက သံအမတ်ကြီးတွေ ခန့်အပ်ခြင်းမရှိဘဲနဲ့ ယာယီသံရုံးတာဝန်ခံတွေအနေနဲ့ပဲ သူတို့ ခန့်အပ်လိုက် တယ်။ အဲ့ဒီတော့ သူတို့အဲ့ဒီလိုမျိုးလုပ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့လည်း သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြား ရေးဝန်ကြီးဌာနက တာဝန်ရှိသူကလည်း ပြောပြီးသားပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ဒီဟာတွေက ဘယ်လိုလုပ်မလဲ ဆိုတော့ ကျွန်တော်တို့လည်းတူညီတဲ့ အပြန်အလှန်သဘောအရ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်။ တူညီတဲ့ ဆောင်ရွက်ချက်မျိုးပဲ ဆောင်ရွက်မယ်လို့ ပြောပြီးသားဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့လည်း အဲဒီကတည်း က သူတို့ လွန်ခဲ့တဲ့နှစ်လလောက်က လုပ်ပြီးကတည်းက ကျွန်တော်တို့ သံအမတ်ကြီးတွေကို ပြန်ခေါ်တယ်။ ယာယီသံရုံးတာဝန်ခံအနေနဲ့ ထားခဲ့တယ်။ သံရုံးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိတယ်။ အချို့ သံအမတ်ကြီးတွေလည်း ပြန်ရောက်နေပြီဖြစ်တယ်။ တချို့သံအမတ်ကြီးတွေက ပြန်လာဆဲပဲရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်စာအရ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားလိုက်ပြီး သံတ မန်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းအား သံအမတ်/ သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးထင်လင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်း၏နေရာတွင် အာဆီယံရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန္ဒာအား သံအမတ်/ သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အလားတူ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်အား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားလိုက်ပြီး ၎င်း၏နေရာတွင် ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ထင်လင်းအား သံမှူးကြီး/ ယာယီသံရုံးတာဝန်ခံအဖြစ် ပြောင်းရွှေ့လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဂျာမနီ၊ ဘရူနိုင်းနှင့် သြစတြေးလျနိုင်ငံများမှာ မြန်မာနိုင်ငံ၏ သံတမန်ရေးနှင့် ပတ်သက်ပြီး သံအမတ်အဖြစ်မှ အဆင့်လျှော့ချ ဆက်ဆံ ခြင်းများရှိကြောင်း သိရသည်။

           

Most Read

Most Recent