လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းများနှင့်ပတ်သက်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းများနှင့်ပတ်သက်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်
ပုံစာ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာကို ၂၀၂၀ ခုနှစ် မတ်လပိုင်းက တွေ့ရစဉ်။
ပုံစာ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာကို ၂၀၂၀ ခုနှစ် မတ်လပိုင်းက တွေ့ရစဉ်။
Published 28 June 2022

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းများနှင့်ပတ်သက်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်ခဲ့ပြီး လတ်တလောပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း ကြေးနီစီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

လက်ပံတောင်းတောင်ဧရိယာသည် လက်နက်ကိုင်အဖွဲ့များမှ ဆက်တိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း၊ တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်း ဗုံးအများအပြားပစ်လွှတ်ခဲ့ပြီး ဗို့အားမြင့် ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်စီးခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည်။

ကြေးနီစီမံကိန်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး ထုတ်လုပ်မှုရပ်ဆိုင်းထားကြောင်း၊ လုပ်ငန်းလည်ပတ်မှုအခက်အခဲများ၊ ငွေကြေးဆိုင်ရာဖိအားများ ရင်ဆိုင်ရချိန်တွင် ဝန်ထမ်းများနှင့် စီမံကိန်းပတ်ဝန်းကျင် အကျိုးဖြစ်ထွန်းစေရေးအတွက် ငွေကြေးရင်းနှီးမြုပ်နှံထားကြောင်း၊ အချို့မြန်မာဝန်ထမ်းများမှာ ဆန္ဒသဘောအရ သတ္တုတွင်းဧရိယာအတွင်း နေထိုင်ပြီး စက်ရုံထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်နေလျက်ရှိကြောင်း၊ ယင်းလုပ်ငန်းမှာအရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းအပေါ်တိုက်ခိုက်မှုလုပ်ရပ်များသည် မြန်မာဝန်ထမ်းများအတွက် ဝင်ငွေဆုံးရှုံးနိုင်ပြီး လူမှုစီးပွား အကြပ်အတည်းများကို ဖြစ်ပေါ်စေကြောင်း၊ လျှပ်စစ်တာဝါတိုင်ပျက်စီးမှုနောက်ဆက်တွဲအနေဖြင့် ဓာတ်အားပြတ်တောက်မှုမှာ စီမံကိန်းအနီးအနားရှိဒေသများကို ထိခိုက်စေကြောင်း မြန်မာဝမ်ပေါင်က ဆိုသည်။

ကြေးနီစီမံကိန်းမှာ ၁၆ လကျော်ကြာရပ်ဆိုင်းထားသော်လည်း ကုမ္ပဏီဝန်ထမ်းများနှင့် အနီးအနားရှိ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ထောက်ပံ့ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ဝန်ထမ်းများအားလုံးကို အခြေခံလစာပေးထားကြောင်း၊ စီမံကိန်းရပ်ဆိုင်းထားသော်လည်း ဒေသအသိုင်းအဝန်းအတွက် ပံ့ပိုးကူညီမှုကို ရပ်ဆိုင်းထားခြင်းမရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီက ဆိုသည်။

စီမံကိန်းအနေဖြင့် လတ်တလောပဋိပက္ခဖြစ်စဉ်တွင် ပါဝင်လိုခြင်းမရှိကြောင်း၊ အပြစ်မဲ့ပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ထိခိုက်ဆုံးရှုံးမှုမရှိစေရန်အတွက် မိမိတို့ဆန္ဒကို ဖော်ပြခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် လက်နက်မဲ့အဖွဲ့များအားလုံး စီမံကိန်းဝန်ထမ်းများ၏ အသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့်နှင့် လွတ်လပ်စွာရွေးချယ်ခွင့်အား လေးစားပေးပါရန် တိုက်တွန်းကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ်(၁)သတ္တုတွင်း လုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက်ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ခွဲဝေထားကြောင်း သိရသည်။ ယင်းအပြင် စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းတွင် ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ခံစားခွင့်ရှိကြောင်း သိရသည်။

Most Read

Most Recent