ရန်ကုန်မြို့တွင် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် BFRAF အဖွဲ့ဝင် ခုနစ်ဦးအား ဖမ်းဆီး

ရန်ကုန်မြို့တွင် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် BFRAF အဖွဲ့ဝင် ခုနစ်ဦးအား ဖမ်းဆီး
Published 27 June 2022

ရန်ကုန်မြို့တွင် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် BFRAF အဖွဲ့ဝင် ခုနစ်ဦးအား ဖမ်းဆီးရမိကြောင်း ဇွန် ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစက၏ ထုတ်ပြန်ချက်တွင် ပြည်သူအချို့၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁)၊ တိုက်အမှတ်(၃၄)တွင် ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာ တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရမိသူ ရဲနောင်ထွန်း(ခ) Demon ၏ထွက်ဆိုချက်အရ ဇွန် ၂၅ ရက်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ ရေတလိကျေးရွာ၌ BFRAF အဖွဲ့ဝင် ရန်နိုင်ထူး(ခ)နဂါးလေးအား ဖမ်းဆီးရမိခဲ့ပြီး ရန်နိုင်ထူး၏ထွက်ဆိုချက်အရ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာအဆောင်(၂)တွင် ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော် သက်ဝေ၊ စန်းလွင်တို့သုံးဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဇွန်ပထမပတ်တွင် ရဲနောင်ထွန်း(ခ)Demon၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ဖောက်ခွဲရေးသင်တန်း ခုနစ်ရက် တက်ရောက်ခဲ့ပြီး၂၀၂၁ ခုနှစ်၊ ဇွန်တတိယပတ်တွင် BFRAF အဖွဲ့အား ရဲနောင်ထွန်း (ခ) Demon၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ခေါင်းဆောင်၍ ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊  ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH၊ NUG အဖွဲ့များထံမှ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ BFRAF အဖွဲ့သည် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဖောက်ခွဲမှုကိုးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

BFRAF အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ အမှတ်(၁)မြို့မရဲစခန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် သဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း (က)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ စက်တင်ဘာလ ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ ဇေယျသုခလမ်းနှင့် သပြေညိုလမ်းထောင့်၌ လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနီးရှိ သင်္ဘောကျင်းမှတ်တိုင်၌ လက်လုပ်မိုင်း တစ်လုံးဖောက်ခွဲခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၅ ရက်တွင် သာကေတမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မြင်တော်သာလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးအား လက်လုပ်မိုင်းတစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အလားတူ BFRAF အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းရဲစခန်းအား လက်လုပ်မိုင်းတစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ဇန်နဝါရီ ၆ ရက်တွင် သာကေတမြို့နယ် လျှပ်စစ်ရုံးအား လက်လုပ်မိုင်းတစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ဧပြီ ၆ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ  ၀ါ၀ါဝင်းဆောက်လုပ်ရေးမုခ်ဦးအား လက်လုပ်မိုင်းနှစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ဧပြီ ၆ ရက်တွင် အလုံမြို့နယ် ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံဘေးရှိ YBS (၅၆)ဂိတ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

 

 

 

 

 

Most Read

Most Recent