အတိုင်ပင်ခံရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေအား လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး

အတိုင်ပင်ခံရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေအား လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး
Published 27 June 2022

အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေအား မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဇွန် ၂၇ ရက်က မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ခံထားရသည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွန် ၂၇ ရက်ရုံးချိန်းတွင် ဦးကျော်တင့်ဆွေအား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်ခေါ်သက်သေအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးနှင့် အရပ်သား သက်သေတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။   

NLD အစိုးရလက်ထက်က ဝန်ကြီးဌာနတွင် အသုံးပြုခဲ့သော နိုင်ငံနှင့်ပတ်သက်သည့် စာရွက်စာတမ်း၊ မိန့်ခွန်းများကို နိုင်ငံခြားသားများထံ ပေးပို့ခဲ့သည်ဟုဆိုကာ လျှို့ ဝှက်အက်ဥပဒေဖြင့် ဦးကျော်တင့်ဆွေအား တရားစွဲဆိုထားခြင်းဖြစ်သော်လည်း ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေသည် အင်္ဂလိပ်စာအသုံးပြု၍ ရေးသားထားသော စာရွက်စာတမ်းများ၊ မိန့်ခွန်းများအား အချောသတ်ရန်အတွက်သာ အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် တရားဝင်ခန့်အပ်ထားသည့် နိုင်ငံခြားသားအကြံပေးပုဂ္ဂိုလ်များထံ ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ပြန် ခေါ်သက်သေများအား စစ်ဆေးပြီးစီးသွားပြီဖြစ်ခြင်းကြောင့်  ဦးကျော်တင့်ဆွေအား မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့်စွဲချက်တင်ထားသည့်အမှုနှင့် ပတ်သက်၍ လာမည့်ရုံးချိန်းတွင် အပြီးသတ် CMP ပြုလုပ်မည်ဖြစ်ပြီး စွပ်စွဲခံရသူကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဦးကျော်တင့်ဆွေသည် NLD ပါတီဝင်တစ်ဦးမဟုတ်သော်လည်း NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent