ဇမ္ဗူသီရိ အထူးတရားရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေးမည်

ဇမ္ဗူသီရိ အထူးတရားရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေးမည်
Published 21 June 2022

နေပြည်တော်ဇမ္ဗူသီရိအထူးတရားရုံးတွင် စစ်ဆေးနေသည့်  ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား နေပြည်တော်အကျဉ်းထောင်ရှိ အထူးတရားရုံးသစ်သို့ ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇွန် ၂၁ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြေကွက်များ လျှောက်ထားရယူမှုများနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အာား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို  စစ်ဆေးနေသည့် ဇမ္ဗူသီရိအထူးတရားရုံးသည် နေပြည်တော်ကောင်စီနယ်မြေကောင်စီရုံးဝန်းအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ထိုသို့ နေပြည်တော်အကျဉ်းထောင်တွင် အထူးတရားရုံးအား ပြောင်းရွှေ့စစ်ဆေးရန်အတွက် အဆောက်အဦတစ်ခု တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် ၎င်းတို့၏ အမှုများကို ထိုအထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်ကြောင်း တရားသူကြီးက အသိပေးခဲ့သည်ဟု အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှု လေးမှု၊ ရွှေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်း စွဲချက်ဖြင့် ရာဇသတ်ကြီးဖြင့် စွဲဆိုထားသည့် အမှု တစ်မှု၊ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အဂတိဖြင့် တရားစွဲဆိုထားသည့် အမှု ငါးမှုတို့အား ဇမ္ဗူသီရိအထူးတရားရုံးတွင် အပတ်စဉ်ရုံးထုတ်စစ်ဆေးလျက်ရှိသည်။          

ထို့ပြင်စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်သို့ လှူဒါန်းမှုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာငါးသိန်းခွဲ ပေးအပ်မှုအပေါ် အဂတိဖြင့် စွဲဆိုထားမှုများကိုလည်း အပတ်စဉ်ရုံးထုတ်စစ်ဆေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့်အမှုများအနက် စစ်ဆေးပြီးစီးသွားသည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent