နေပြည်တော်ရှိ လရောင်တောစီမံကိန်းများအတွက် အဂတိ အမှု သုံးမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေများ စစ်ဆေးမှုပြီးစီး၍ လာမည့်ရုံးချိန်းတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမည်

နေပြည်တော်ရှိ လရောင်တောစီမံကိန်းများအတွက် အဂတိ အမှု သုံးမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေများ စစ်ဆေးမှုပြီးစီး၍ လာမည့်ရုံးချိန်းတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမည်
Published 21 June 2022

နေပြည်တော်ရှိ လရောင်တောစီမံကိန်းများအတွက် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှု သုံးမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေများအား စစ်ဆေးမှုပြီးစီးသွားခြင်းကြောင့် လာမည့်ရုံးချိန်းတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုများနှင့်ပတ်သက်၍ ဇွန်  ၂၁ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇွန် ၂၁ ရက် ရုံးချိန်းတွင် နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းက ဆောင်ရွက်သည့် လရောင်တော စီမံကိန်းအတွက် မြေကွက်များလျှောက်ထားရယူမှုနှင့် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူလှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှု သုံးမှုအတွက် ပြန်ခေါ်သက်သေများအား စစ်ဆေးမှုမှာ ပြီးခဲ့သည့်ရုံးချိန်းတွင် စစ်ဆေးပြီးစီးထားပြီး ဖြစ်သည့်အတွက် စွဲချက်၏ ဒုတိယပိုင်းအား ဆက်လက်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။  

ထို့အပြင် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်အတွက် မြေကိုငှားရမ်းခဲ့မှုနှင့် ပတ်သက်သော အမှုကိုလည်း စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  အမှုနှင့်ပတ်သက်၍ သက်သေအဖြစ် ထွက်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုလေးမှုတွင် ပါဝင်သော နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၄)၊ နေပြည်တော်ရှိ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန်တင်ပြသည့်ထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၅)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သားလမ်း ခြံအမှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အအုံများကို လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၂၅ တို့ကို ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုများအား ဇွန် ၂၈ ရက်တွင် စစ်ဆေးရန် ချိန်းဆိုထားပြီး နေပြည်တော် အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးသစ်တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုခံထားရသည့် အမှုများအနက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲဆိုထားသည့်အမှုကို ဧပြီ ၂၇ ရက် ရုံးချိန်းတွင် ထောင်ဒဏ် ငါးနှစ်ကျခံရန် ဇမ္ဗူသီရိအထူးတရားရုံးက အမိန့်ချမှတ်ထားကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများအပါအဝင် အမှုပေါင်း ၁၂ မှုခန့်အား တရားရင်ဆိုင်နေရပြီး စစ်ဆေးပြီးပြတ်သွားသည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent