ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် မြို့နယ်လုံးကျွတ်ပါတီမှ နုတ်ထွက်ခြင်းများရှိကြောင်း နုတ်ထွက်ထားသူ CEC အချို့ကပြောကြားပြီး တရားဝင်စာဖြင့် တင်ပြထွက်ခြင်းမျိုးမရှိသေးကြောင်း ပါတီယာယီဥက္ကဋ္ဌ ပြောကြား

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် မြို့နယ်လုံးကျွတ်ပါတီမှ နုတ်ထွက်ခြင်းများရှိကြောင်း နုတ်ထွက်ထားသူ CEC အချို့ကပြောကြားပြီး တရားဝင်စာဖြင့် တင်ပြထွက်ခြင်းမျိုးမရှိသေးကြောင်း ပါတီယာယီဥက္ကဋ္ဌ ပြောကြား
Published 20 June 2022

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် မြို့နယ်လုံးကျွတ်ပါတီမှ နုတ်ထွက်ခြင်းများရှိကြောင်း နုတ်ထွက်ထားသူ ပါတီဗဟိုအလုပ်အမှုဆောင်  (CEC) အဖွဲ့ဝင်အချို့က ပြောကြားပြီး တရားဝင်စာဖြင့် တင်ပြထွက်ခြင်း မျိုးမရှိသေးကြောင်း ပါတီယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွင် ပါတီဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးကျော်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဖြစ်သူ ဦးညီညီလွင်နှင့် ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောယုမာတို့ပါတီမှ နုတ်ထွက်ပြီးနောက် ယင်းကဲ့သို့ပါတီဝင်များ နုတ်ထွက်လာခြင်းဖြစ်ကြောင်း နုတ်ထွက်ထားသူများက ပြောကြားသည်။

“ပါတီရဲ့ဆောင်ပုဒ် လူထုဘဝအဓိက ဆိုပြီးတော့ အရမ်းယုံကြည်ပြီးဝင်လာတာပါ။ လုံးဝဒီမိုကရေစီဆန်တဲ့ပါတီ ပြည်သူ့ပါတီဖြစ်မယ်ဆိုပြီး ထင်ထားတဲ့ဟာ တခြားစီပါပဲ။ အဲဒါကျွန်တော်တို့ ထွက်စာတင်ပြီး ထွက်ပါတယ်။ ထွက်တာက ၆ ရက်နေ့မှာ။ ၇ ရက်နေ့မှာ ကျွန်တော်တိုင်းဥက္ကဋ္ဌသည် ဘာမှတာဝန်မရှိတော့ဘူး။ ကျွန်တော့် လှည်းကူးမြို့နယ်က ကျွန်တော်အပါအဝင် ၁၆၄ ယောက် အကုန်ထွက်ပါတယ်။ နောက်တစ်ခါ မှော်ဘီမြို့နယ်ကလည်း မြို့နယ်ဥက္ကဋ္ဌဦးအောင်နဲ့ အားလုံးထွက်ပါတယ်။ နောက်တစ်ခါ ရန်ကုန်တိုင်းမှာ ဒဂုံမြို့နယ်ထွက်တယ် သုံးမြို့နယ်ထွက်သွားပြီပေ့ါနော်။ မြို့နယ်လုံးကျွတ်ထွက်တာပေ့ါနော်။ ထပ်ထွက်မယ့်မြို့နယ်တွေရှိပါသေးတယ်။ အခြေအနေစောင့်ကြည့်နေတဲ့ မြို့နယ်သုံးလေးမြို့နယ် ကျန်ပါသေးတယ်။ ပဲခူးတိုင်းကတော့ အခုလောလောဆယ် ၁၂ မြို့နယ်ထွက်သွားပါပြီ။ ပဲခူးတိုင်းကတော့ မရှိတော့ပါဘူး။ ဇွန် ၁၇ ရက်ကဆိုရင် အင်အားကို အကုန်လုံးတွက်ချက်ပြီးတော့ ကြည့်လိုက်တော့ ၄၈၄ ယောက်တိတိ ကျွန်တော်နဲ့ ဒေါ်စောယုမာနဲ့ ဦးကျော်ဇေယျထွက်တယ် CEC သုံးယောက်ပေါ့ဗျာ။ အဲဒီလိုထွက်တဲ့ နောက်မှာကျွန်တော်တို့နောက်ကို လိုက်ထွက်တာ ၄၈၄ ယောက်တိတိရှိပါတယ်။ ဒါ ဇွန် ၁၇ ရက်က စာရင်းပါ။ နောက်မန္တလေးတိုင်းနဲ့ မကွေးတိုင်းက ထွက်ဖို့လုပ်နေတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့ကတော့ ထွက်ပါလို့မပြောဘူး။ ဒါပေမဲ့ဘယ်သူတွေ ဘယ်လိုလုပ်နေတယ်ဆိုတာ ချပြတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သူ ဦးညီညီလွင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပါတီမှ နုတ်ထွက်ထားသူ ဦးကျော်ဇေယျက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “နောက်ဆုံးသတင်းအရလည်း ဆက်လက်၍ ပဲခူးတိုင်းမှ ဖြူးမြို့၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ မွန်ပြည်နယ်၊ သထုံမြို့တို့မှ မြို့နယ်အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်းပါတီဝင်အင်အား ၅၀၀ ကျော် ပါတီဝင်အဖြစ်မှဝမ်းနည်းဖွယ်ရာ ထွက်ခွင့်များ ဆက်တိုက်ပင်တင်လျက်ရှိကြောင်း သိရပါသည်ခင်ဗျား” ဟု ရေးသားထားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ၏ ယာယီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင်ထွန်းက “မဟုတ်ပါဘူးဗျာ။ မဟုတ်ဘူးဆိုတာက ကျွန်တော်တို့က စာရင်းနဲ့ခိုင်နေတာကိုး။ ထွက်တယ်ဆိုရင် ကျွန်တော်တို့ ရုံးကို ပို့ရမှာပေ့ါ။ သူတို့ဘာသာ ပါးစပ်ထဲက ထွက်လို့မရဘူးလေ။ မရတော့ ကျွန်တော်တို့ဆီကို စာရင်းရတာ အဲဒီလောက်မရှိပါဘူး။ ထွက်တာရှိပါတယ် လေးငါးရာတို့ ဘာတို့မရှိပါဘူး။ ကျွန်တော်တို့ကလည်း မမှန်မကန်တာ ပြောတာမဟုတ်ပါဘူး။ အမှန်ကန်အတိုင်းပဲ။ ထွက်စာတင်တယ်လို့သာပြောတာ တကယ်တမ်းကျတော့ ကျွန်တော်တို့ဆီမှာ လာပြီးတော့ တရားဝင်လက်မှတ်တွေနဲ့ လာထွက်တာတော့ မရှိသေးဘူးခင်ဗျ။ နည်းနည်းပါးပါးပဲ ရှိသေးတာပေါ့။ ကျွန်တော်တို့မြို့နယ်က ထွက်ပါတယ်။ ဘယ်နှယောက်ဆိုတာ ဒါမျိုးလည်းရှိတာပေါ့။ အဲဒါလည်းအများကြီးမဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီမှ နုတ်ထွက်သည့်သူများရှိသကဲ့သို့ အသစ်ဝင်ရောက်သူများလည်းရှိပြီး နုတ်ထွက်သူများသည် ပါတီနှင့် စိတ်သဘောထားမတိုက်ဆိုင်ခြင်းများရှိသည့်အပြင် စည်းရုံးခံရခြင်းများလည်းရှိမည်ဖြစ်ကြောင်း၊ ပါတီမှနုတ်ထွက်ခြင်းများသည် ပြီးခဲ့သည့်အပတ်ထဲကဖြစ်ပြီး ယခုနောက်ပိုင်း ထပ်မံနုတ်ထွက်ခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။

ပါတီတွင်း၌ ထိပ်ပိုင်းတွင် လူတစ်စု၏ မတရားလုပ်မှုများရှိနေသည်ဟု ပါတီမှ နုတ်ထွက်လာသူများက ပြောဆိုမှုများရှိနေပြီး ပါတီအနေဖြင့် မူဝါဒများက အလွန်ပင်ကောင်းသော်လည်း အကောင်အထည်ဖော်သူများက ဟာသပမာဖြစ်နေကာ လက်တွေ့တွင် လူတစ်စုဘဝ အဓိကဖြစ်နေကြောင်းနှင့် တစ်သင်းလုံးကန်မည် PPP ဟုဆိုထားပြီး ညီညာစွာ မကန်နိုင်ရှာဘဲ ဘောလီဘောသာ ပုတ်နေကြသည်ဟု ဦးကျော်ဇေယျက လူမှုကွန်ရက်တွင် ပြောကြားထားသည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်အနေဖြင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်နေချိန်တွင် ၎င်း၏ခင်ပွန်းဖြစ်သူက ပါတီ၌ အလုပ်အမှုဆောင်မဟုတ်သော်လည်း ပါတီနှင့်ပတ်သက်သောကိစ္စရပ်များအား အတွင်းကျကျ ပါဝင်လုပ်ဆောင်နေခြင်းများလည်းရှိကြောင်း ပါတီမှနုတ်ထွက်လာသူများက ဆိုသည်။

ဒေါ်သက်သက်ခိုင်၏ ခင်ပွန်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီယာယီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင်ထွန်းက “အဲဒါကတော့ ပြောနေကြတာပေါ့ဗျာ။ အလကား။ သူကတော့ ပါတီမှာ ဘာတာဝန်မှတော့ မရှိပါဘူး။ ဘာတာဝန်မှ မရှိဘူး။ ဒီလိုလုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ တကယ်လုပ်မယ်ဆိုရင် ဗဟိုအမှုဆောင်အဖွဲ့ကပဲ လုပ်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီတွင် CEC များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌဖြစ်သူ ဦးညီညီလွင်နှင့် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌဖြစ်သူ ဒေါ်စောယုမာတို့သည် ပါတီ၏ မူဝါဒနှင့်အညီ ညီလာခံကျင်းပကာ အဆင့်ဆင့်ရွေးချယ်ထားသောသူများဖြစ်ကြောင်း သိရပြီး ၎င်းတို့နှစ်ဦးကို ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ဇွန် ၉ ရက်ရက်စွဲပါစာဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent