နစက ဥက္ကဋ္ဌ နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေး

နစက ဥက္ကဋ္ဌ နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေး
Published 19 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်​​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဇွန် ၁၉ ရက်က တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုအကျိုးကို ရှေ့ရှု၍ ငြိမ်းချမ်း​​ရေး တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသတစ်ခုခြင်းနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည် ဖြစ်သဖြင့်  အမြင်အကျယ်ကျယ်ဖြင့် ဆွေးနွေးကြစေလိုကြောင်း၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့် အဖွဲဝင်များက တပ်မတော်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ သ​​ဘောတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ​​ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို တင်ပြခဲ့ကြောင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေး​​နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီးမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့်အတူ စစ်​​ရေးချုပ်အဆင့်ရှိသူ ​​​စောစိန်ဝင်းနှင့် ဆက်ဆံရေးဌာနမှူး ​​​​​စောကျော်သန်းဌေးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent