ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ၁၆ မျိုး အခြေခံ လုပ်ခလစာ တိုးမြှင့်သော်လည်း ရွှေ့ပြောင်းလုပ်သားများ အတွက် တိတိကျကျ ဖော်ပြထားခြင်း မရှိ

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ၁၆ မျိုး အခြေခံ လုပ်ခလစာ တိုးမြှင့်သော်လည်း ရွှေ့ပြောင်းလုပ်သားများ အတွက် တိတိကျကျ ဖော်ပြထားခြင်း မရှိ
Published 15 June 2022

.ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ၁၆ မျိုးတွင် လုပ်ကိုင်နေကြေသော လုပ်သားများအား အခြေခံလုပ်ခလစာတိုးမြှင့် ပေးမည်ဖြစ်သော်လည်း မြန်မာ့ ရွှေ့ပြောင်းလုပ်သားများအတွက် တိတိကျကျ ဖော်ပြထားခြင်းမရှိဟု အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများကပြောသည်။

ထိုင်းနိုင်ငံတွင် အခြေခံလုပ်ခလစာတိုးမြှင့်ခြင်းကို တပြေးညီ တိုးပေးခြင်းမပြုဘဲ အလုပ်အကိုင်စွမ်းရည်ကိုအခြေခံပြီး ကျွမ်းကျင်လုပ်သား ၁၆ မျိုးကိုသာအခြေခံလုပ်ခလစာတိုးမြှင့်ပေးရန် ထိုင်းတော်ဝန်ပြန်တမ်း၏ ဇွန်လ ၉ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ထားသည်ဟုဆိုသည်။

မဲဆောက်မြို့တွင်နေထိုင်ပြီး အလြပ်သမားအရေးဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ  ဦးမိုးကြိုးက "ထိုင်းဥပဒေ အရ အဲဒီအလုပ်အကိုင် ၁၆ မျိုးအနက်မှာ.. ဆောက်လုပ်ရေးအလုပ်အကိုင်မှ မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း၊ ကြွေပြားခင်းလုပ်ငန်း၊ ဆေးသုတ်လုပ်ငန်း၊ အုတ်ဆီလုပ်ငန်း၊ ဝန်ဆောင်မှုအလုပ်အကိုင်မှ အစားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်း၊ သက်ကြီးရွယ်အိုပြုစုရေးလုပ်ငန်း စသည့်လုပ်ငန်း ၆ မျိုးကိုသာ မြန်မာလုပ်သားများကို လုပ်ကိုင်ခွင့်ပေးထားပါတယ်။မိခင်ထိုင်း နိုင်ငံသားတွေအတွက်အဓိကထားပြီး ခေတ်ကာလကုန်စျေးနှုန်း၊လူနေမှုအနေအထားနဲ့အညီတိုးပေးပုံရပါတယ်'ဟုဆိုသည်။

လုပ်ငန်းခွင်  ၁၆ မျိုးကို အခြေခံလုပ်ခလစာတိုးမြှင့်ပေးရာတွင် ထိုင်းအမျိုးသားလုပ်သားစွမ်းရည်စံညွှန်းအပေါ်အခြေခံပြီး ထည့်စဉ်းစားထားသည်ဟု ဆိုသည်။

.ဆောက်လုပ်ရေးအလုပ်အကိုင် ၅ မျိုး

၁။ မျက်နှာကျက်တပ်ဆင်ကျွမ်းကျင်လုပ်သား ၁ ရက် ၄၅၀ ဘတ်မှ ၅၉၅ ဘတ်

၂။ ကွန်ပြူတာဖြင့်အဆောက်အဦးဒီဇိုင်းရေးဆွဲကျွမ်းကျင်လုပ်သား ၁ ရက် ၆၄၅ ဘတ်

၃။ နံရံနှင့်ကြမ်းခင်းကြွေပြားကပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်

၄။ ဆေးသုတ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၆၅ ဘတ် မှ ၆၀၀ ဘတ်

၅။ အပေါ့စားကွန်ကရစ်အုတ်ဆီကျွမ်းကျင်လုပ်သား ၁ရက် ၄၇၅ ဘတ် မှ ၅၇၅ ဘတ်

.

လက်မှုပညာအလုပ်အကိုင် ၄ မျိုး

၁။ ပန်းတိမ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်

၂။ ပရိဘောပကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၅၅၀ ဘတ်

၃။ ရှေးဟောင်းလက်ဝတ်လက်စားပန်းတိမ်ကျွမ်းကျင်လုပ်သား (ရှေးဟောင်းနည်း) ၁ရက် ၅၂၅ ဘတ်

၄။ ငွေထည်ကြေးထည်ကျွမ်းကျင်လုပ်သား ၁ရက် ၆၂၅ ဘတ်

.

ဝန်ဆောင်မှုအလုပ်အကိုင် ၇ မျိုး

၁။ အလုံးစုံကျန်းမာရေးမြှင့်တင်ရေးပညာရှင် ထိုင်း Sapaya (အနှိပ်ကုထုံး) ၁ ရက် ၄၆၀ ဘတ် မှ ၅၇၅ ဘတ်

၂။ မုန့်လုပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၀၀ ဘတ် မှ ၅၀၅ ဘတ်

၃။ ဧည့်ကြိုဝန်ထမ်း ၁ရက် ၄၄၀ ဘတ် မှ ၅၆၅ ဘတ်

၄။ စားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုအလုပ်သမားများ ၁ ရက် ၄၄၀ ဘတ်

၅။ အမျိုးသမီးဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ စက် ၄၄၀ ဘတ် မှ ၆၅၀ ဘတ်

၆။ အမျိုးသားဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၆၃၀ ဘတ်

၇။ သက်ကြီးရွယ်အိုပြုစုသည့်လုပ်ငန်း ၁ ရက် ၅၀၀ ဘတ်စသည်ဖြင့်ပါဝင်သည်။

"ဒီလို အခွင့်အရေး လုပ်ခလစာတွေ တိုးမြင့်ပေးတဲ့ ကိစ္စမှာ မိခင် ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ မလုပ်နိုင်တဲ့ အန္တရာယ်များတဲ့ အလုပ်တွေ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေနဲ့ စည်ကမ်းစည်းမျည်းတင်းကြပ်တဲ့အလုပ်တွေကို ရွှေ့ပြောင်းလုပ်သားတွေက လုပ်ကိုင်ပေးနေရတဲ့အတွက်ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားစု ထိုင်းနိုင်ငံရဲ့ကုန်သွယ်စီးပွားကို လည်းကြီးကြီးမားမားအထောက်ကူဖြစ်တဲ့အတွက်ရွှေ့ပြောင်းလုပ်သားတွေကိုလည်း အဲအလုပ် ၆မျိုးအတွက်ဘဲဖြစ်ဖြစ် အားလုံးအတွက်ပဲဖြစ်ဖြစ် ခံစားခွင့်ရသင့်ပါတယ်။သို့သော်လည်း ရှင်းရှင်းလင်းလင်းပြောထားတာမရှိသေးတဲ့အတွက် အခွင့်အရေးကို စောင့်မျော်နေရမှာဖြစ်ပါတယ်'ဟု လည်းဦးမိုးကြိုးကဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Most Read

Most Recent