ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦးအား တာဝန်မှ ရပ်စဲ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦးအား တာဝန်မှ ရပ်စဲ
Published 13 June 2022

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦးအား တာဝန်မှ ရပ်စဲကြောင်း ဇွန် ၁၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၄၁/ ၂၀၂၂ ဖြင့် ကြေညာကြောင်း သိရသည်။

 

ကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦးအား ဇွန် ၁၀ ရက်မှစ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြပါရှိသည်။

 

ဦးအောင်သန်းဦးနှင့်အတူ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း  ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်တွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့နှစ်ဦး ဖမ်းဆီးထားခြင်းမဟုတ်ဘဲ ခေါ်ယူမေးမြန်း နေခြင်းဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၂၄ ရက်တွင် မီဒီယာများအား ပြောကြားထားသည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှာ လုပ်ငန်းတာဝန်များပြန်လည်ထမ်းဆောင်နေသည်ကို တွေ့ရသော်လည်း ဝန်ကြီးဦးအောင်သန်းဦး၏ သတင်းတစ်စုံတစ်ရာမကြားရဘဲ ယခုအခါ ၎င်းအား နစကက တာဝန်ရပ်စဲခဲ့ခြင်းဖြစ်သည်။

ဦးအောင်သန်းဦးနှင့် ရန်ကုန်မြို့တော်ဝန်တို့ ခေါ်ယူစစ်ဆေးခံရခြင်းမှာ မြေလွတ်မြေလတ်မြေရိုင်းများ လျှောက်ထားသည့် ကိစ္စများကြောင့်ဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နစကဘက်မှ သီးခြား အတည်ပြုချက်မပေးခဲ့ပေ။

ဝန်ကြီးတာဝန်မထမ်းဆောင်မီကတည်းက ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်တစ်ဦး ဖြစ်ကာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် တာဝန်မှ အနားယူခွင့်ပြုကြောင်း နစကက က အမိန့်ထုတ်ပြန်ခဲ့သော်လည်း  ၎င်းအား မြေယာကိစ္စဖြင့်ပင် ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ယခုနောက်ဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် မေလအတွင်းက ဖမ်းဆီးထိန်းသိမ်းခံရထားသည်။ ဦးစိုးစိုးဇော်အား လုပ်ငန်းပိုင်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးနေသည်ဟု နစကဘက်မှ ပြောကြားထားသည်။

Most Read

Most Recent