ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ၌ ရှစ်ရက်အတွင်း ကျောင်းအပ်နှံသူ ရှစ်သိန်းကျော်ရှိကြောင်း ဇွန် ၃ ရက် တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံမှု စတင်လက်ခံသည့်နေ့မှ ရှစ်ရက်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ ၈၀၀၃၉၅ ဦးရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ်အတွင်း ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းလေးကျောင်း အပါအဝင် အခြေခံပညာကျောင်း ၂၇၅၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၂၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၁၉ ကျောင်း၊ စုစုပေါင်း ၃၂၀၇ ကျောင်းရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် ၃၇ မြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ထားရှိပြီး မူလတန်းအဆင့် ၁၃၃ ကျောင်း၊ မူလွန်အဆင့် ၈၈ ကျောင်း၊ အလယ်တန်းအဆင့်ကိုးကျောင်း ရှိပြီး ဇွန် ၁ ရက်မှစ၍ ဖွင့်လှစ်သင်ကြားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ကျောင်းအပ်နှံသူ ၅၆ သိန်းကျော် (၅၆၀၉၆၇၆ ဦး) ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ ၅၆၀၉၆၇၆ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမှုတွင် ကျောင်းအပ်နှံမှုများရှိသလို လုံခြုံရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေများကြောင့် ကျောင်းအပ်နှံရန် စိုးရိမ်သူများလည်းရှိနေကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို မေ ၂၆ ရက်မှ စ၍ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၂ ရက်တွင် ကျောင်းဖွင့်ကာ ကျောင်းသား ကျောင်းသူများ စတင်ကျောင်းတက်ကြကြောင်း သိရသည်။















