ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တစ်ပတ်အတွင်း အုပ်ချုပ်ရေးနှင့် ဆက်နွယ်သူ ငါးဦးနှင့် အရပ်သားတစ်ဦးတို့ အသတ်ခံရပြီး နမ့်မှော် ဒု-ရာအိမ်မှူးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
အထက်မက်လင်ချောင်ကျေးရွာမှ လောပန်းဦးအုန်းကျော်အပါအဝင် အမျိုးသားလေးဦး လက်နောက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဆိပ်မူအုပ်စု၊ ဆွတ်အောင်ကျေး ရွာအဝင် တံတားအနီးတွင် ဇွန် ၁ ရက်က ဒေသခံများက တွေ့ရှိခဲ့သည်။
အသက် ၄၄ နှစ်အရွယ်ရှိ အထက်မက်လင်ချောင် အုပ်ချုပ်ရေးမှူးဦးအုန်းကျော်၊ ဆွေမျိုးသားချင်းဖြစ်သူ အသက် ၃၃ နှစ်အ ရွယ်ရှိ ဦးဝင်းတင့် (ခ) ကျော်ကြား၊ အသက် ၄၂ နှစ်အရွယ်ရှိ ဇော်ဝင်းထိုက် (ခ) ရွှေမန်း၊ အသက် ၂၂ အရွယ်ရှိ မျိုးထက်တို့မှာ လက်နောက်ပြန်တိပ်ကြိုးများဖြင့် တုတ်လျက် ဦးခေါင်းသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြသည်ကို တွေ့ကြရခြင်းဖြစ်သည်။
ဇွန် ၁ ရက် ည ၇ နာရီခန့်အချိန်တွင် နမ့်မှော်ကျေးရွာ ဆယ်အိမ်မှူးဖြစ်သူ ဦးအာဗြဲ (ခ) ဦးမြင့်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ကားဖြင့် ခေါ်ယူသွားကြောင်း၊ ဖမ်းဆီးသွားပြီးနောက် ခဏအကြာတွင် ဦးမြင့်ဦး၏ ဖုန်းအား နေအိမ်တွင် ပြန်လည်ယူဆောင်လာကြကြောင်း၊ ဇွန် ၂ ရက်တွင် အသက် ၅၅ နှစ်အရွယ်ရှိ ဦးအာဗြဲ (ခ) ဦးမြင့်ဦးမှာ နောက်ပြတ်ကြိုးတုပ်လျက် မျက်နှာကို တိပ်ဖြင့်ပတ်ထားသည့်အနေအထားဖြင့် သေဆုံးသည်ကို တွေ့ရကြောင်း၊ သေနတ်ဒဏ်ရာ မတွေ့ရဘဲ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မြင်တွေ့ခဲ့သူများက ပြောကြားသည်။
ဆိပ်မူကျေး ရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူက “အုပ်ချုပ်ရေးပိုင်းပါသူက ငါးဦးပေါ့။ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖမ်းခေါ်တာကတော့ ကေအိုင်အေအဖွဲ့ကလို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေပြောကြတယ်။ ကေအိုင်အေတရား ရေးက အမိန့်ချတာတော့ မကြားမိဘူး။ အားလုံးကလည်း စိုးရိမ်ထိတ်လန့်နေကြရတယ်။ ဖားပြင်မှာ မနေ့က သံတိုင်နှင့် ထိုးသတ်တာက ရေးမဆေးကျောက်ရှာသူတွေက သူတို့ လော်ပန်းနဲ့ ကျောက်ရတာ အဝေမတည်တော့ အချင်းချင်း စကားများရန်ဖြစ်ကြလို့တဲ့။ ဖားပြင်ကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ် လောပန်းသန့်ဇင်ဝင်းတဲ့”ဟု ဆိုသည်။
နမ့်မှော်ကျေးရွာ ဒုရာအိမ်မှူးဖြစ်သူ ဦးဖိုးသားမှာ မေ ၃၀ ရက်ကတည်းက လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ ပြီး ဇွန် ၃ ရက်အထိ မည်သည့်သတင်းမှ မရရှိသေးကြောင်း သိရသည်။
ယခုကိစ္စရပ်များနှင့်ပတ်သက်၍ ကေအိုင်အိုဗဟိုပြန်ကြားရေးနှင့် ဒေသတွင်း အခြေစိုက် ကေအိုင်အေလက်နက်ကိုင်အဖွဲ့များထံ မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ကြခြင်း မရှိသေးပေ။
လွန်ခဲ့သည့် မေ ၂၅ ရက်ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဆန်းကြွယ်ကျေးရွာ၊ ရပ်ကွက် ၁ တွင် နေထိုင်သူ ဦးတင်မောင်သည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မေ ၉ ရက်နောက်ပိုင်းမှစတင်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ အရပ်သားများ လုပ်ကြံခံရသူ ၅၂ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။















