ရန်ကုန်-ပဲခူးယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာတွင် စက်သုံးဆီစျေး မြင့်တက်သဖြင့်  ခေတ္တရပ်နား

ရန်ကုန်-ပဲခူးယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာတွင် စက်သုံးဆီစျေး မြင့်တက်သဖြင့်  ခေတ္တရပ်နား
Published 3 June 2022

ရန်ကုန်-ပဲခူးယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာတွင် စက်သုံးဆီစျေး မြင့်တက်သဖြင့်  ခေတ္တရပ်နား လိုက်ပြီဖြစ်ကြောင်း Yangon- Bago Smart City Bus Line By Daewoo Bus က သတင်းထုတ်ပြန်သည်။

ပြေးဆွဲခဲ့သည့် ငါးလတာကာလအတွင်းလည်း အရှုံးခံပြေးဆွဲခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် စက် သုံးဆီမြင့်တက်လာခြင်းကြောင့် ရပ်နားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်-ပဲခူး ယာဉ်လိုင်း ပဏာမစတင်ပြေးဆွဲသည့် ငါးလလုံးမှာ ပြည်သူများအဆင်ပြေစေရေး အတွက် အရှုံးခံပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ စက်သုံးဆီစျေး ထပ်မံမြင့်တက်လာမှုကြောင့် ဇွန် ၁၀ ရက်သောကြာနေ့မှ စတင်၍ ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တ ရပ်နားပါမည် ဟု အဆိုပါယာဉ်လိုင်းက သတင်း ထုတ်ပြန်သည်။

“ ကျွန်တော်တို့ ဘယ်ကာလ ပြန်ပြေးဆွဲမလဲဆိုတာတော့ ပြောလို့မရသေးပါဘူးခင်ဗျ။ သိပ်တော့မကြာပါဘူး။ ခဏတော့ ရပ်လိုက်တာပါ။ ဆီစျေးနဲ့ ရရှိတဲ့ခရီးသည်နဲ့က ဘယ်လိုမှ မကိုက်တော့လို့ ရပ်လိုက်တာပါ။ ပြီးတော့ယာဉ်စီးခကလည်း တက်လို့မရဘူး။ လမ်းမှာလူရတာလည်း နည်းသွားတာနဲ့ ဆီစျေးနှုန်းကလည်း တက်လာတယ်။ ကျွန်တော်တို့ စပြေးဆွဲတဲ့ ဆီစျေးနဲ့ အခုဆီစျေးက နှစ်ဆလောက်တက်သွားတာဆိုတော့ ဘယ်လိုမှမကိုက်တော့ဘူးလေ” ဟု အဆိုပါ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်လိုင်းပြေးဆွဲမှုကို ဇွန် ၉ ရက်အထိ ရှိနေမည်ဖြစ်ပြီး တစ်ရက်လျှင် ခရီးစဉ်ငါးကြောင်း ပြေးဆွဲ လျက်ရှိသည်။

အဆိုပါယာဉ်လိုင်းမှာ လွန်ခဲ့သည့်ငါးလခန့်က စတင်ကာ ပြေးဆွဲနေခြင်းဖြစ်ပြီး တစ်ဦးလျှင် ရန်ကုန်- ပဲခူးကားခ နှစ်ထောင်ကျပ်၊ ရန်ကုန်မှ လှည်းကူးတစ်ဦးလျှင် ကျပ်တစ်ထောင်၊ လှည်းကူးမှ ပဲခူးသို့ ကျပ်တစ် ထောင်သတ်မှတ်ထားသည်။

Most Read

Most Recent