မြန်မာ့အရေး ဖြေရှင်းရန် နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး အာဆီယံက ဆောင်ရွက်ရန် ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ တိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းရန် နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး အာဆီယံက ဆောင်ရွက်ရန် ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ တိုက်တွန်း
Published 31 May 2022
  Ref: Bangkok

ထိန်းသိမ်းခံထားရသော ဒေါ် အောင် ဆန်းစုကြည်နှင့် နစကတို့ စေ့စပ်ဆွေးနွေး ခြင်းဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း  အဆုံးသတ်သွားအောင် ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုက အာဆီယံကို  တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်နှစ်တွင် တပ်မတော်ကနိုင်ငံတော် အာဏာကိုထိန်းသိမ်းခဲ့ပြီးနောက်  ဖြစ်ပေါ်နေသော အကျပ်အတည်းများနှင့်ပတ်သက်၍စိုးရိမ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက် ရှိအမေရိကန်သံရုံး ယာယီတာဝန်ခံ မိုက်ကယ်ဟိက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး တပ်မတော်၏အာဏာထိန်းသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဒီမိုကရေစီပျက်သုဉ်းသွားသည်ဟု ၎င်းကဆိုသည်။

အာဆီယံနှင့်သက်ဆိုင်သော အဖွဲ့အစည်းအားလုံးသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများကို အရေးတကြီး ဆက်လက်လုပ်ဆောင်သင့်သည်ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ရှေးရှု ပြီး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အာဆီယံ ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်” ဟု မိုက်ကယ်ဟိက ပြောကြားသည်။

“သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အကြားမှာ ပွင့်လင်းပြီး အပြည့်အဝတွေ့ဆုံ ခွင့်ရှိဖို့နဲ့ အဲဒီအဖွဲ့အစည်းတွေအကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့အရည်အသွေးကို အသုံးချတာဟာလည်း ကျွန်တော်တို့  ဆက် လ က်ထောက်ခံမယ့်အချက်ထဲမှာ ပါဝင်နေ ပါတယ်” ဟု ၎င်းငက ပြောကြားသည်။

မေ ၁၂ ရက်နှင့် ၁၃  ရက်တွင်ပြုလုပ်ခဲ့ သော အမေရိကန်-အာဆီယံအထူးထိပ်သီး နှင့် မေ ၉  ရက်နှင့် ၁၀ ရက်တွင် ပြုလုပ်ခဲ့သော အမေရိကန်-ထိုင်း မဟာဗျူဟာမြောက်ကာကွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန် ဘက်က အထက်ပါမှတ်ချက်များ ထွက်ပေါ် လာခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးအကာအကွယ်ပေးမှု ပြဿနာနှင့် လူသားချင်းစာနာမှုအကျပ်အတည်း မြင့်တက်လာခြင်းတို့ကို ကိုင်တွယ် ဖြေရှင်းရမည့် အဆင့်များအား ဆွေးနွေး ခဲ့သည်။