စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့အပါအဝင် မြို့နယ်အချို့တွင် မေ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်သွယ်ရေးဖုန်းလိုင်း ယာယီပြတ်တောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့နယ်အပါအဝင် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီအစရှိသည့် မြို့နယ်များ၌ မေ ၂၉ ရက် နံနက်ပိုင်းမှစတင်ကာ ညနေ ၄ နာရီအထိ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီနောက်ပိုင်း၌ ဆက်သွယ်ရေးဖုန်းလိုင်းများ ခေတ္တပြန်ပွင့်ခဲ့ပြီးနောက် ည ၁၁ နာရီဝန်းကျင်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားခဲ့ကာ မေ ၃၀ ရက် ညနေ ၄ နာရီမှသာ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“မုံရွာမြို့ပေါ်မှာ မေ ၂၉ ရက်နေ့မှာ ဖုန်းလိုင်းတွေ နံနက်အစောပိုင်းကတည်းက ပြတ်သွားတာ ညနေ ၄ နာရီရောက်မှ ပြန်ပွင့်တာ။ မေ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖုန်းလိုင်းတွေ ပြန်ပျက်သွားတာ မေ ၃၀ ရက် ညနေ ၄ နာရီအထိ ကြာပါတယ်။ ဝိုင်ဖိုင်နဲ့သုံးရတဲ့ အင်တာနက်လိုင်းတွေတော့ သုံးလို့ရတယ်။ ဖုန်းလိုင်းတွေပဲ ဖြတ်ထားတာ။ ဘာကြောင့် ဖုန်းလိုင်းတွေ ဖြတ်တယ်ဆိုတာတော့မသိဘူး” ဟု မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့အပါအဝင် မြို့နယ်အချို့တွင် ဆက်သွယ်ရေးဖုန်းလိုင်းများအားလုံး မေ ၂၉ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ ပြတ်တောက်ခဲ့ပြီးနောက် ခေတ္တပြန်လည်အသုံးပြု၍ရခဲ့ပြီး ညပိုင်းမှစတင်၍ ပြန်လည်ပြတ်တောက်သွားခဲ့ကာ မေ ၃၀ ရက် ညနေ ၄ နာရီတွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ယခုမေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့အပါအဝင် မြို့နယ်အချို့တို့၌ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရမှုမှာ မေ ၂၄ ရက်တွင် တစ်ကြိမ်၊ မေ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်လည်း ထပ်မံ၍ ယာယီဖြတ်တောက်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ဖုန်းလိုင်းများ ယာယီပြတ်တောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှလွဲ၍ ကျန်မြို့နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းခံထားရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။















