ကချင်ပြည်နယ်တွင် အဓိကလမ်းပိုင်းအချို့ မြေပြိုမှုနှင့်ကြုံတွေ့နေရပြီး ပြင်ဆင်ရေးလုပ်ငန်းများ အသင့်ပြင်ဆင်ထားရကြောင်း ကချင်ပြည်နယ် လမ်း၊ တံတားဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ချီဖွေလမ်းပိုင်းများတွင် မြေပြိုမှုများ ကြုံတွေ့ရပြီး ပြင်ဆင်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်နိုင်ခဲ့ပြီး မြစ်ကြီးနား-ကန်ပိုင်တည်၊ ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းများမှာလည်း နှစ်စဉ်မြေပြိုမှုများနှင့် ကြုံတွေ့ရသဖြင့် BOT စနစ်ဖြင့် လုပ်ဆောင်နေသည့် တရုတ်နိုင်ငံလမ်းကုမ္ပဏီများလည်း လွန်ခဲ့သည့်ရက်ပိုင်းမှ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်း၊ တံတားဦးစီးဌာနမှ သိရသည်။
ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက “ပူတာ အိုလမ်းပိုင်း မြေပြိုတာတွေကတော့ နာရီပိုင်းတောင်မကြာပါဘူး။ ယန္တရားကြီးတွေနဲ့ဆိုတော့ မြန်တယ်။ လမ်းပိုင်းအဖွဲ့တွေလည်း လမ်းမကြီးပိုင်းတွေမှာ အသင့်ရှိနေပါတယ်။ ကန်ပိုင်တည်၊ လွယ်ဂျယ်စတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းလည်း နှစ်စဉ်မိုးရာသီမှာ ပြိုတတ်တော့ တာဝန်ယူထားတဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေ ပြန်ရောက်ပြီး ကွင်းဆင်းပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ တရုတ်နိုင်ငံဘက်ကလည်း COVID-19 ကပ်ရောဂါကြောင့် အားလုံးကို ခေါ်ပြန်သွားတာ အခုပြန်ရောက်တာ တစ်လဝန်းကျင်ပဲရှိသေးတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးလမ်းတွေဖြစ်တော့ ပြည်ထောင်စုအထိ အဆင့်ဆင့်ကိုတင်ပြ၊ ကျန်းမာရေးလုပ်ငန်းတွေ အပြည့်အဝဆောင်ရွက်ပြီးမှ လုပ်ငန်းခွင်ဝင်ကြရတာဖြစ်ပါတယ်” ဟု ဆိုသည်။
၀ိုင်းမော်-ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် တရုတ်နိုင်ငံ ထိန်မင်ကုမ္ပဏီကလည်းကောင်း၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် ဟုန်ရှင်းကျန်းဖကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်နေပြီး ယင်းလမ်းပိုင်းပြင်ဆင်ရေးလုပ်ငန်းများမှာ ကုမ္ပဏီက နှစ်စဉ်ကြီးကြပ်ကိုင်တွယ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ပွင့်လင်းရာသီတွင် ထိန်းသိမ်းမှုအပိုင်းတွင် အားနည်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မိုးရာသီအတွင်း ၀ိုင်းမော်-မန်ဝိန်းကြီး-ချီဖွေလမ်းပိုင်း၊ ၀ိုင်းမော်-ကန်ပိုင်တည်-တရုတ်နိုင်ငံလမ်းပိုင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၊ ပူတာအို-ဒရုခ-နောင်မွန်လမ်းပိုင်းများမှာ မြေပြိုတတ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင်အဓိကဆက်သွယ်သည့်ဝင်ပေါက်မှာ ကန်ပိုင်တည်ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ကို အဓိကအသုံးပြုနေကြောင်း သိရသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံးပြုနေကြကြောင်းသိရသည်။















