နစက ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် KNU/KNLA-PC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး

နစက ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် KNU/KNLA-PC ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး
Published 28 May 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး

သုံးရက်တာ ​ဆွေး​နွေးညှိနှိုင်း သ​ဘောတူညီချက်များကို လက်မှတ်​ရေးထိုးခဲ့​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မေ ၂၈ ရက်က နိုင်ငံ​တော်၏ ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ​စော​ထော့​လေး ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့တို့သည့် ​နေပြည်​တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဗဟိုဌာန အစည်းအ​ဝေးခန်းမတွင် ​ဒုတိယ​နေ့အဖြစ် တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ပြည်​ထောင်စုသ​ဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သ​ဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်​ဆွေး​နွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ​ဆွေး​နွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီမှ ​လေ့လာဆန်းစစ်​ဖော်ထုတ်စိစစ်​ရေးအဖွဲ့၏ ​တွေ့ရှိချက်များအား ညှိနှိုင်း​ရေး​ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့​ပြီး KNU/KNLA-PC အဖွဲ့မှ သိရှိလိုသည်များကို ​မေးမြန်းခဲ့​​ဆွေး​နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့​နောက် ငြိမ်းချမ်း​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာ အ​​​ထွေ​ထွေကိစ္စရပ်များအား ​ဆွေး​နွေးခဲ့ကြပြီး ၃ ရက်တာ ​ဆွေး​​နွေးညှိနှိုင်းချက်များအရ သ​ဘောတူညီချက်များကို အတည်ပြုလက်မှတ်​ရေးထိုးခဲ့ကြ​ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ​စော​ထော့​လေးနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ​ပြောကြားခဲ့​ကြောင်း သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

​တွေ့ဆုံ​ဆွေး​​နွေးပွဲသို့ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ ဥက္ကဌ၊ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်း​နောင်နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ​စော​ထော့​​လေး၊ ဒုတိယဥက္ကဌ ​​ဒေါက်တာနော်က​​ပေါ်ထူး၊ ဗဟို​ကော်မတီဝင် ​စော​မောင်​မောင်တို့ တက်​ရောက်ခဲ့ကြ​ကြောင်း သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ​စော​ထော့​​လေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၆ ရက်တွေ့ဆုံပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၇ ရက်မှ ၂၈ ရက်ထိ တွေ့ဆုံခဲ့ပြီး စုစုပေါင်း သုံးရက်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent