မြန်မာနိုင်ငံတွင် ယနေ့အထိ Monkeypox (မျောက်ကျောက်ရောဂါ) အတည် ပြုလူနာ တွေ့ရှိထားခြင်းမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။
မေ ၂၅ ရက် နံနက်ပိုင်းအထိ အာဖရိက ဒေသပြင်ပ၌ မျောက်ကျောက်ရောဂါ အတည် ပြုလူနာ တွေ့ရှိရသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ သံသယဖြစ်ဖွယ်လူနာ တွေ့ရှိရသည့်နိုင်ငံ တစ်ခု စုစုပေါင်း နိုင်ငံ ၂၀ နှင့် အာဖရိက ဒေသ အနောက်မြောက်ပိုင်း၌ရှိသည့် ယခင် က ဖြစ်ပွားမှုမရှိခဲ့သည့် မော်ရိုကိုနိုင်ငံပါ ထည့်သွင်းတွက်ချက်ပါက ရောဂါအတည်ပြု လူနာနှင့် သံသယလူနာ တွေ့ရှိသည့် နိုင်ငံ စုစုပေါင်း ၂၁ နိုင်ငံရှိပြီဖြစ်သည်။
မေ ၂၅ ရက် နံနက်ပိုင်းအထိ အဆိုပါ နိုင်ငံများတွင် အတည်ပြုလူနာ ၂၂၈ ဦး၊ ရော ဂါ ဖြစ်နိုင်ခြေရှိသည့် လူနာနှစ်ဦး၊ သံသယ ဖြစ်ဖွယ်လူနာ ၈၂ ဦး၊ စုစုပေါင်း၃၁၂ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူမရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသများတွင် ရောဂါ တွေ့ရှိနေရပြီး အတည်ပြုလူနာ အများဆုံး တွေ့ရသည့်နိုင်ငံအနေဖြင့် ယူကေနိုင်ငံတွင် ၇၁ ဦး၊ စပိန်နိုင်ငံတွင် ၅၁ ဦး၊ ပေါ်တူဂီနိုင်ငံ တွင် ၃၉ ဦးရှိကြောင်း သိရသည်။
ယင်းရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် သတိပြုရ မည့်ရောဂါတစ်ခုအဖြစ် သတ်မှတ်လာသည့် အဓိကအကြောင်းရင်းမှာ ယခင်က ရောဂါ ဖြစ်ပွားမှုမရှိခဲ့သည့် အာဖရိကဒေသ ပြင်ပနိုင်ငံများ၌ ရောဂါဖြစ်ပွားသူများကို အချိန်တိုအတွင်း အရေအတွက်အတော်များများ တွေ့ရှိခဲ့ရခြင်း၊ ရောဂါတွေ့ရှိရသူများတွင် ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားရာဇဝင် မရှိခဲ့ခြင်းနှင့် ရောဂါအတည်ပြုလူနာနှင့် လည်း တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိရသည့်အချက်ကြောင့် ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြော ကြားသည်။
Monkeypox ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရန် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာ၌ နိုင်ငံ တကာနှင့် အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ကူးသန်းသွားလာမှုများသည့် အိမ်နီးချင်းနိုင်ငံ များသို့ ရောဂါကူးစက်ဖြစ်ပွားလာမည်ကို မျက်ခြည်မပြတ် စောင့်ကြည့်ရမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မေ ၂၃ ရက်က နေပြည်တော်ရှိ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် ပြုလုပ်သည့် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရော ဂါ ထူးကဲစွာအများအပြား ဖြစ်ပွားမလာစေ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ကူး စက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြို တင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် ညှိ နှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ကလေးငယ်များ တွင် ရေကျောက်ရောဂါဖြစ်ပွားတွေ့ရှိမှုများ ရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ် လန့်မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှုမရှိ တော့သော ကျောက်ကြီးရောဂါ၊ အလွန်ပြင်း ထန်ခြင်းမရှိသော ရေကျောက်ရောဂါနှင့် လတ်တလောနိုင်ငံအချို့တွင် ကူးစက်မှုအ သစ်များအဖြစ် တွေ့ရှိရသော Monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာ၌ တွေ့ ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြား မှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေးအသိ ပညာများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း လည်း ၎က ပြောကြားခဲ့သည်။















