နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သုံးရက်တာညှိနှိုင်းချက်များအရ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မေ ၂၂ ရက်က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည့် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး RCSS အဖွဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီးဆောင်းဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် မေ ၂၀ ရက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော အဖွဲ့တို့သည် မေ ၂၁ ရက်မှ ၂၂ ရက်ထိ ဆွေးနွေးခဲ့ပြီး စုစုပေါင်း သုံးရက်တာ ဆွေးနွေးမှုရလဒ်များကိုနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။















