နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် RCSS/SSA  ဥက္ကဋ္ဌ တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် RCSS/SSA  ဥက္ကဋ္ဌ တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 20 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ စဝ်ယွက်စစ်တို့ သည်  မေ ၂၀ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်အမြင်တူညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့် သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌကလည်း ၎င်းကိစ္စများနှင့်ပတ်သက်၍ သဘောထားအမြင်တူညီချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး အဖွဲ့များအားလုံး တွေ့ဆုံပြီးစီးသည့်အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အချိန်ဇယား (Time Frame)ကို စနစ်တကျရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍  နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခု ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ပြီးနောက် ဆွေးနွေးမှုများကို မေ ၂၀ ရက်တွင်စတင်ပြုလုပ်ခဲ့ရာ ပထမဆုံးအဖြစ် RCSS/SSA အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ထိုသို့ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် တက်ရောက်ရန် အကြောင်းပြန်သည့်အဖွဲ့များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ ဥက္ကဋ္ဌနှင့် ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေ ၁၉ ရက်တွင်  ပြောကြားထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ နှစ်ဖွဲ့၏ဥက္ကဋ္ဌများမှာ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည်မဟုတ်ဘဲ ၎င်းတို့ကိုယ်စား ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးအဆင့်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲသို့ “၀”တပ်ဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့တို့မှလည်း အဆုံးအဖြတ်ပေးနိုင်သူများ တက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။