မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ကိုယ်စားလှယ်များ တွေ့ဆုံမှုသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်သဖြင့် မလေးရှားထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဧပြီ ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ကိုယ်စားလှယ်များတွေ့ဆုံမှုနှင့်ပတ်သက်၍ သူရိယနေဝန်းသတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“NUG အဖွဲ့က လူတွေနဲ့ အမေရိကန်မှာ မလေးရှားနဲ့တွေ့ဆုံခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခြင်းက အကြမ်းဖက်သူကို အားပေးရာရောက်ပါတယ်။ အားပေးရာရောက်တဲ့အပြင် မြန်မာနိုင်ငံအစိုးရရဲ့ကြိုးပမ်းချက်တွေကို အဟန့်အတားဖြစ်စေပြီးတော့ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ကိုယ်စားလှယ်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထားကြောင်းနှင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံခြားရေးမူဝါဒနှင့်အညီ လိုအပ်သည် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ရန် သတိပေးထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်” ဟု ပြောကြားသည်။
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်၍ ကန့်ကွက်ပြောဆိုခဲ့ကြောင်းနှင့် အထက်ပါတွေ့ဆုံဆွေးနွေးမှုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုမှုများကိုလည်း အားလုံးသိရှိကြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“မလေးရှား နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့လူက တွေ့တဲ့အခါမှာ ဘာတောင်းခဲ့လဲဆိုတော့၊ လက်ညှိုးထိုးပြတာ၊ တော်တော်တော့ တရားကျဖို့ ကောင်းပါတယ်၊ ဘာလက်ညှိုးထိုးပြလည်းဆိုတော့ သူတို့နိုင်ငံမှာ မြန်မာဒုက္ခသည်ပေါင်း နှစ်သိန်းခွဲရှိတယ်။ ခုနကပြောတဲ့ ဘင်္ဂါလီဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိတယ်၊ ဒါတွေအတွက် ထောက်ပံ့မှု လုပ်ပေးပါဆိုပြီး ပြောတာမျိုးလည်း ရှိတယ်။ ပြောရရင်တော့ မျောက်ပြဆန်တောင်းဆိုတဲ့အဆင့်တော့ တော်တော်ကျော်သွားတယ်၊ ဘာတုန်းဆိုတော့ ဒီမျောက်ကိုပဲ ထိုးထိုးပြပြီးတော့ အဲ့ဒီမျောက်ကနေတာကို ထိုးထိုးပြပြီးတော့ ကမ္ဘာကို လှည့်ပြီးရောင်းတာပေါ့၊ မျောက်က လည်ရောင်းအဆင့်ဖြစ်သွားတယ်။ မျောက်ပြ ဆန်တောင်းမဟုတ်ဘူး၊ မျောက်က လည်ရောင်းတကမ္ဘာလုံး လည်ရောင်းတဲ့ အဆင့်မျိုးဖြစ်သွားတယ်။ ကျွန်တော်တို့ကတော့ အဲလိုပဲမြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံထားကြောင်း၊ တပ်မတော်က လျှောက်လှမ်းနေသည့် ယင်းစနစ်အပေါ်တွင် ၎င်းတို့၏ လိုအင်ဆန္ဒ၊ နိုင်ငံရေးအတ္တများကြောင့် ဖြစ်ပေါ်လာမှုများကို အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးစေခြင်းနှင့် နိုင်ငံတော်ကို နိုင်ငံတကာတွင် သိက္ခာကျစေသည့် လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်ကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။