လာမည့် MNL ပြိုင်ပွဲအတွက် ရန်ကုန်အသင်း ပြန်လည်လေ့ကျင့်နေပြီး ဘုန်းသစ္စာမင်းနှင့် ဇွဲသက်ပိုင်ကို ခေါ်ယူ

လာမည့် MNL ပြိုင်ပွဲအတွက် ရန်ကုန်အသင်း ပြန်လည်လေ့ကျင့်နေပြီး ဘုန်းသစ္စာမင်းနှင့် ဇွဲသက်ပိုင်ကို ခေါ်ယူ
Photo: YUFC
Photo: YUFC
Published 12 May 2022

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် MNL ပြိုင်ပွဲအတွက် မေ ၉ ရက်မှ စ၍ ပြန်လည်လေ့ကျင့်နေပြီဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲမကျင်းပနိုင်သည့်ကာလတွင် ကစားသမားအချို့မှာ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲသွားသဖြင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပြိုင်ပွဲမစတင်မီ ကစားသမားသစ်များ ခေါ်ယူအားဖြည့်လျက်ရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းမှ လူငယ်ကစားသမားများဖြစ်သော ဂိုးသမား ဘုန်းသစ္စာမင်းနှင့် ကွင်းလယ်ကစားသမား ဇွဲသက်ပိုင်တို့ကို ခေါ်ယူထားပြီး အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းက ဆက်လက်ကိုင်တွယ်နေပြီး လက်ထောက်နည်းပြ အဖွဲ့ဝင်များလည်း အပြောင်းအလဲမရှိကြောင်း သိရသည်။

ဦးမင်းထွန်းလင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ခန့်အပ်ခံရပြီး ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ကျင်းပနေသည့်ကာလတွင် ခန့်အပ်ခံရခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ပြင်ဆင်မှုများစွာ ပြုလုပ်ပြီး ပြည်တွင်း၊ ပြည်ပကစားသမားသစ်များစွာ ခေါ်ယူခဲ့သော်လည်း ပြိုင်ပွဲမစတင်နိုင်သဖြင့် ပြည်ပကစားသမားများနှင့် စာချုပ်ဖျက်သိမ်းခဲ့သလို ပြည်တွင်းကစားသမား အချို့မှာလည်း လမ်းခွဲခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မောင်မောင်လွင်၊ အောင်ကျော်နိုင်၊ စိုးမိုးကျော်၊ လွင်မိုးအောင်စသည့် ပြည်တွင်းကစားသမားများကို ကစားသမားများ၏ ဆန္ဒအရ လမ်းခွဲပေးခဲ့ပြီး မောင်မောင်လွင်နှင့် အောင်ကျော်နိုင်တို့မှာ ထိုင်းကလပ်များတွင် ကစားလျက်ရှိသည်။

Most Read

Most Recent