တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းမကြီး ကြာကန်မှတ်တိုင်အနီးတွင် ဧပြီ ၃၀ ရက်၊ နံနက် ၉ နာရီခန့်က ဆိုင်ကယ်ဘေးတွဲယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူများသည် တောင်ဒဂုံမြို့နယ်၊ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အမျိုးသားနှစ်ဦးနှင့် ဆိုင်ကယ်ဘေးတွဲယာဉ်မောင်းတို့ဖြစ်ပြီး လှော်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ၂၁ ရပ်ကွက်၊ ကြာကန်မှတ်တိုင်နှင့် နှစ်ဖက်လှ အိမ်ဆောက်ပစ္စည်းဆိုင်အနီးအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်၊ ၂၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက " မနက်က ၉ နာရီလောက်မှာ သေနတ်ပစ်သံတွေကြားလို့ ကျွန်မတို့လည်း ဆိုင်အောက်ထဲ ဝင်ပုန်းရတယ်။ ပစ်သံတွေကတော့ ဆက်တိုက်ပဲ။ နှစ်ဖက်လှအိမ်ဆောက်ပစ္စည်းရှေ့နားမှာ ဖြစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးသေတယ်လို့ကြားရတယ်။ ဆိုင်ကယ်ဘေးတွဲကို ပစ်တာပါ " ဟု ပြောကြားခဲ့သည်။
အဆိုပါသေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနေရာအနီး လမ်းဘေးဆိုင်ခန်းများလည်း ပိတ်ထားကြောင်း သိရသည်။
TRN သတင်းဌာန၏ ဖော်ပြမှုအရ တောင်ဒဂုံမြို့နယ်၊ (၁၀၄) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နံနက် ၉ နာရီက ဘေးတွဲဆိုင်ကယ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်စဉ်(၂၁) ရပ်ကွက်၊ လှော်ကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရပြီး ပစ်ခတ်ခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲညွန့်၊ ရာအိမ်မှူးဦးမောင်မောင်ကျော်၊ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးဆန်းဦး တို့ဖြစ်ကြောင်း သိရသည်။















