■ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒုတိယအကျော့)နှင့် ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒုတိယအကျော့)နှင့် ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 19 April 2022

◘ အင်တာမီလန် - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

ဒီရာသီမှာ ကိုပါအီတာလီယာ ပထမအကျော့အပြင် စီးရီးအေ(၂)ကျော့စလုံးလည်း ကစားပြီးဖြစ်လို့ မီလန်ဒါဘီ(၂)သင်းက (၃)ပွဲအထိ ရင်ဆိုင်ကစားထားပြီး အေစီမီလန်က အသာရထားတယ်။ အေစီမီလန်တိုက်စစ်က လတ်တလောမှာ ဂိုးသွင်းနှုန်းကျနေပေမဲ့ ခံစစ်ပိုင်းကတော့ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် Clean Sheet ရယူနိုင်ထားတာက ချီးကျူးလောက်စရာပါ။ အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ပြီးခဲ့တဲ့(၂)ပွဲမှာ ဂျက်ကို-ယော်ကွင်းကော်ရီယာအတွဲကို ထုတ်သုံးခဲ့ပေမဲ့ အရေးကြီးပွဲစဉ်မှာတော့ ဂျက်ကို-လော်တာရိုမာတီနက်ဇ်အတွဲပဲ ပြန်သုံးလိမ့်မယ်။ လူစာရင်းအရတော့ အင်တာမီလန်က အနည်းငယ်သာတဲ့အနေအထားပါ။ ဒါပေမဲ့ အေစီမီလန်နဲ့ပဲ စွန့်စားချင်တယ်။

◘ ဟမ်းဘတ် - ဖရိုင်းဘတ်(မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁း၁၅ နာရီ)

ဘွန်ဒစ်လီဂါအသင်းဟောင်း ဟမ်းဘတ်က ဒီရာသီမှာ တန်းပြန်တက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိသေးပေမဲ့ အခွင့်အရေး ကတော့ အတော်လေးနည်းသွားပြီ။ ဒါကြောင့် ဂျာမန်ဖလား ဘက်မှာ ဟမ်းဘတ်ရဲ့ပေါက်ကွဲအားကိုတော့ တွေ့လာရနိုင်တယ်။ ဖရိုင်းဘတ်ကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ ဘိုင်ယန်မြူးနစ်တစ်သင်းတည်းကိုသာ အရေးနိမ့်ပြီး ကျန်(၉)ပွဲမှာ (၆)ပွဲနိုင်၊ (၃)ပွဲသရေကစားထားလို့ ခြေစွမ်းတည်ငြိမ်မှုက အကောင်းဆုံးအဆင့်ရောက်နေတဲ့ အနေအထားပါပဲ။ ဟမ်းဘတ်မှာ အိမ်ကွင်းအားသာချက်ရှိပေမဲ့ ကစားသမားပိုင်းကွာခြားမှုများတယ်။ ဖရိုင်းဘတ်ပဲ ဗိုလ်လုပွဲတက်မယ်ထင်တယ်။

Most Read

Most Recent