ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ညပိုင်းမီးပြတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ညပိုင်းမီးပြတ်မည်
Published 17 March 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ညပိုင်းမီးပြတ်မည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်တွင် စက်မှုဇုန်ကော်မတီများ ထံမှ သိရသည်။

နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မီးပုံမှန်ပေးပြီး ညနေ ၅ နာရီမှ နောက်နေ့နံနက် ၉ နာရီထိ မီးဖြတ်မည့်ပုံစံမျိုး ပြောသွားကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဲဒီလိုမျိုးသဘောမျိုးတော့ ပြောတယ်ဗျ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပုံမှန်ပေးပြီးတော့ ညနေ ၅ နာရီကနေ နောက်နေ့မနက် ၉ နာရီထိ ဖျက်မယ့် ပုံစံမျိုးတော့ ပြောပါတယ်။ နေ့ဘက်ကို မနက် ၉ နာရီကနေ ညနေ ၅ နာရီထိကိုတော့ မပျက်ဘူးလို့တော့ ပြောတယ်။ ကျွန်တော်တို့ဆီတော့ ဒီည လာနေပါတယ်။ မနက်ဖြန်ကစပြီးတော့ ဖျက်မယ်ထင်ပါတယ်” ဟု ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန်တာဝန်ရှိသူတစ်ဦးကလည်း နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ မီးလာမည်ဆိုသည့် သတင်းသိရှိရပြီး ညနေ ၅ နာရီမှ နောက်နေ့နံနက် ၉ နာရီထိ မီးဖျက်မည်ဆိုသည်ကို မသိရှိရသေးကြောင်း ပြောကြားသည်။

သာကေတစက်မှုဇုန်ရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ကုမ္ပဏီသို့ မြို့နယ်လျှပ်စစ်မှ ညနေ ၅ နာရီမှ နောက်နေ့နံနက် ၉ နာရီထိ မီးဖျက်ထားမည်ဖြစ်ကြောင်း လာရောက်ပြောကြားထား သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကုမ္ပဏီကိုတော့ အဲဒီလိုမျိုး ညနေ ၅ နာရီကနေ နောက်နေ့မနက် ၉ နာရီထိ မီးဖျက်ထားမယ်။ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၈ နာရီအချိန်သာ မီးပေးမယ်လို့ ပြောတယ်။ အဲဒီတော့ကျွန်တော်က အဲဒီ ၈ နာရီအချိန်ကိုရော အချိန်ပြည့် ပေးမှာလားဆိုပြီး မေးလိုက်တော့ အဲဒီလိုမျိုး အချိန်ပြည့်ပေးဖို့လည်း မသေချာဘူးဆိုပြီး ပြောတယ်” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ မီးလာချိန်ထက် မီးပျက်ချိန်က ပို၍များပြားနေ ကြောင်း၊ ထိုသို့မီးပုံမှန်မလာခြင်း၊ စက်သုံးဆီစျေးများ မြင့်တက်ခြင်းကြောင့် စက်မှုဇုန်များရှိ စက်ရုံ အများစုတွင် စက်သုံးဆီကုန်ကျစရိတ်ကြီးမားပြီး အလုပ်သမားများကို အချိန်ပိုအလုပ်ချိန်လျှော့ ချခြင်းများ ရှိလာကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေသံလွင်စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ ရွှေပေါက္ကံစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန် ၁၊ ၂၊ ၃၊ တောင်ဥက္ကလာပစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတစက်မှုဇုန် စသဖြင့် စက်မှုဇုန် ၂၉ ဇုန် ရှိသည်။

Most Read

Most Recent