၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ထက် ၄ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ထက် ၄ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်
ရန်ကုန်မြို့ရှိ စျေးတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ရှိ စျေးတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 15 March 2022

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ထက် ၄ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ကာလအတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။ တတိယသုံးလပတ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထသုံးလပတ်က ၁ ဒသမ  ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။     

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ၂၀၁၇-၂၀၁၉ ခုနှစ်ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၄ ရာ ခိုင်နှုန်းရှိခဲ့ပြီး  ဓာတ်အားခနှင့် စားသောက်ကုန်စျေးနှုန်းများ ကျဆင်းသည့်အတွက် ၂၀၂၀ ပြည့်နှစ်ကုန်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် သုည  ဒသမ ၇ ရာခိုင်နှုန်း ထပ်မံလျော့နည်းခဲ့သော်လည်း စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်တာအတွင်း ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။

သယ်ယူပို့ဆောင်ရေးစရိတ်များ သိသာစွာမြင့်တက်လာခြင်းကြောင့်  စားသောက်ကုန်စည်များ မပါဝင်ဘဲ တွက်ချက်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇန်နဝါရီလတွင် သုည ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ  ဒီဇင်ဘာတွင် ၉ ဒသမ ၈ ရာ ခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ သို့သော်စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

 

 

 

Most Read

Most Recent