၀ါဒဖြန့်ချိခြင်း

၀ါဒဖြန့်ချိခြင်း
Published 8 March 2022

၀ါဒဖြန့်ချိခြင်းဆိုသည်မှာ ဘက်လိုက်မှုရှိသော အချက်အလက်များကို ဖြန့်ဝေခြင်း ဖြစ်သည်။ ဖတ်ရှုရသူများအား ၀ါဒတစ်ခုခု သို့မဟုတ် အခြားတစ်စုံတစ်ရာကို ယုံကြည်သွားစေရန် ရည်ရွယ်၍ ယင်းအချက်အလက်များကို ဖန်တီးထားခြင်းဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်၍ အများဆုံး ပြုလုပ်လေ့ရှိသည်။ ယင်းအချက်အလက်များသည် အမှန်/အမှား ဝေခွဲရခက်တတ်ပြီး များသောအားဖြင့် ရှုပ်ထွေးပြီး မျှတမှုမရှိပေ။ အငြင်းပွားဖွယ် ရာများကို ရေရှည်ဖြစ်ပေါ်စေပြီး ဖြေရှင်းရခက်ခဲစေသည်။ ၀ါဒဖြန့်ချိခြင်း (Propaganda) ဟူသော စကားလုံးသည် လက်တင်ဘာသာ စကားမှ ဆင်းသက်သည်။ မူရင်းအဓိပ္ပာယ်မှာ “ပျံ့နှံ့စေရန် အတွေးအခေါ် “ဖြစ်သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်းမှ စ၍ “သတင်းမှားဆီ ဦးတည်သော နိုင်ငံရေးအတွေးအခေါ်”ဟူ၍ အဓိပ္ပာယ်ကောက်ယူကြသည်။  ယင်း၏ မူလစကားလုံး Propaganda ဟူသည်မှာ “ဆပွားခြင်း”ဟု အဓိပ္ပာယ်သက်ရောက်သည်။

၀ါဒဖြန့်ချိခြင်းကို ခေတ်တိုင်း ခေတ်တိုင်းတွင် အသုံးပြုခဲ့သည်။ ရှေးအီဂျစ်ပြည်တွင် ရမ်ဆေး - ၂ က ရုပ်တုများ၊ အဆောက်အအုံများတွင်လည်းကောင်း၊ ရှေးဂရိကွက်စိပ် ဆရာများကလည်းကောင်း၊ ဂျူးလီးယက်ဆီဇာနှင့် ရောမ အုပ်ချုပ်သူများကလည်းကောင်း အသုံးပြုခဲ့ကြသည်။ အထင်ရှားဆုံးသော ၀ါဒဖြန့်ချိမှုသည် ၁၂  ရာစုတွင် တည်ထောင်သော The Inquisition ခေါ် ဗရင်ဂျီဂိုဏ်းနှင့် အယူမတူသူများကို နှိပ်ကွပ်သော အဖွဲ့က ပြုလုပ်ခြင်း ဖြစ်သည်။ ကက်သလစ်ဘုရားကျောင်းမှ Sacred Congregation for the Propagation of the Faith (သဒ္ဓါတရား ပွားများစေရန် ကြီးမြတ်သော ဝတ်ပြုသူများအဖွဲ့) ကို အားပြု ထားသည်။ ပုပ်ရဟန်းမင်းကြီး ဂရီဂေါ်ရီ- ၁၅ က ၁၆၂၂ ခုနှစ်တွင် ဖွဲ့စည်းပြီး ဥရောပ နိုင်ငံအများစုတွင် လုပ်ငန်း ကော်မတီခွဲများ ရှိခဲ့သည်။ ဒေသခံ အဖွဲ့ခွဲများစွာလည်း ရှိပြီး ၎င်းင်းတို့က အမြင်မတူသူများကို ရှာဖွေသည်။ ထို့နောက် နှိပ်စက်မှုများနှင့် ကားစင်တွင် မီးရှို့သတ်မည်ဟု ခြိမ်းခြောက်ခြင်းများပြုလုပ်ကာ အများရှေ့တွင် အမြင်မတူမှုကို ရုပ်သိမ်းကြောင်း ကြေညာခိုင်းသည်။ ရည်ရွယ်ချက်မှာ ဘာသာရေးတွင် ကျောင်းတော်၏ အရေးပါမှုကို ခြိမ်းခြောက်သော ဓမ္မန္တရာယ်မှန်သမျှကို ဖယ်ရှားရန် ဖြစ်သည်။

တစ်ခါတစ်ရံတွင် ၀ါဒဖြန့်ချိခြင်းသည် ကြော်ငြာကဲ့သို့ဖြစ်သည်။ ဥပမာအားဖြင့် ၀ါဒဖြန့်ချိခြင်း သည်လည်း လူထုမီဒီယာများကို အသုံးချခြင်းဖြစ်သည်။ သို့သော် ကြော်ငြာဟူသည် တစ်စုံတစ်ရာကို ရောင်းရစေရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး ၀ါဒဖြန့်ချိခြင်းသည် အတွေးအခေါ် ပြောင်းလဲစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးလောကçက အဓိက အသုံးချပြီး စီးပွားရေးနှင့်သာဆိုင်သည့် ကုမ္ပဏီများက အသုံးမပြုပေ။

၀ါဒဖြန့်ချိခြင်းကို စစ်အတွင်း အသုံးများသည်။ အသုံးလည်း ဝင်သည်။ ပိုစတာများ၊ တီဗွီကြော်ငြာများ၊ ရေဒီယိုကြေညာချက်များအသွင်ဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံ မိမိနိုင်ငံ ပါဝင်နေသော စစ်ပွဲ အနိုင်ရနေသည်ဟု ကြေညာခြင်းဖြင့် နိုင်ငံသားများ ပျော်ရွှင်တက်ကြွ စေရန် သုံးသည်။ တစ်ခါတစ်ရံ ရန်သူကို လူဆိုး၊ လူရမ်းကား နှင့် လူစိတ်မရှိသူများအဖြစ် မြင်လာအောင် ပြော၍ လူအများက မုန်းတီးလာစေရန် သုံးသည်။ (ဥပမာ-မိစ္ဆာဒိဋ္ဌိ၊ ဖက်ဆစ် အစရှိသဖြင့်) ရန်သူ၏ စစ်ပွဲအရှုံးများနှင့် ရန်သူစစ်ဗိုလ်ကြီးများ၏ ဘက်ပြောင်းခြင်းများကို ဖော်ပြ၍ စစ်ပွဲရပ်သင့်ကြောင်း ပြောပြီး ရန်သူများကိုလည်း အခါအားလျော်စွာ ၀ါဒဖြန့်ချိလေ့ရှိသည်။ စစ်အတွင်း မဟုတ်လျှင်လည်း အသုံးပြုခြင်းမျိုး ရှိပြန်သည်။ လူထုက နိုင်ငံ၏ အခြေအနေကို အကောင်းချည်း မြင်စေရန် အစိုးရအဖွဲ့များက အသုံးပြုခြင်းမျိုး ဖြစ်သည်။

အာဏာရှင်နိုင်ငံအချို့တွင် ဆင်ဆာဖြတ်ခြင်းနှင့် တွဲဖက်၍လည်း အသုံးပြုသည်။ ကောင်းသတင်းများကို ၀ါဒဖြန့်ချိကြသကဲ့သို့ မကောင်းသတင်းများကိုလည်း ဆင်ဆာ ဖြတ်တတ်သည်။ အမြင်မှားများကို ၀ါဒဖြန့်ချိနေသကဲ့သို့ ယင်းအမြင်ကို သဘောမတူသူ များကိုလည်း နှုတ်ဆိတ်နေစေရန် ဆင်ဆာဖြတ်သည်။ ထို့နောက် သဘောမတူသူများက အများသိအောင် မေးခွန်းထုတ်ခွင့်မရသောအခါ ၀ါဒဖြန့်ချိခြင်းသည် အမှန်ကဲ့သို့ ဖြစ် လာသည်။ လူအများ မိမိဘက်သို့ ပါလာစေရန် လိမ်လည်ပြီး ၀ါဒဖြန့်ချိခြင်းလည်း ရှိသည်။ ဘာသာအချို့ကလည်း ၎င်းင်းတို့ ဘာသာဝင်ဖြစ်လာစေရန် ၀ါဒဖြန့်ချိလေ့ရှိသေးသည်။

မည်သို့ပင်ဆိုစေကာမူ (အထူးသဖြင့် ပညာရေးရေချိန် နိမ့်ပါးလွန်းသည့်) လူ့အဖွဲ့အစည်းတစ်ရပ်တွင် မိမိ အလိုရှိရာသို့ ပါလာအောင် သိမ်းသွင်းရာ၌ ၀ါဒဖြန့်ချိခြင်းသည် ထိရောက်သော လက်နက်တစ်ခုဖြစ်ပြီး ရှုပ်ထွေးကာ မျှတမှုမရှိသည့် အချက်အလက်များကို အမှန်/အမှား မဝေခွဲနိုင်ခြင်းကြောင့် အငြင်းပွားဖွယ်ရာများကို ရေရှည်ဖြစ်ပေါ်စေပြီး ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲ သွားစေတတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

✍️ မတ်လ ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော် ✍️