စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိအမှု ခုနစ်မှုဖြင့် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိအမှု ခုနစ်မှုဖြင့် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
Published 28 February 2022

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား မုံရွာအကျဉ်းထောင်တရားရုံးက ဖေဖော်ဝါရီ  ၂၈ ရက်တွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုခုနစ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ်အမိန့်ချမှတ်ခံခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုခုနစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမြင့်နိုင်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ထောင်ဒဏ်နှစ်နှစ်ချခံထားရပြီး ယခုထပ်မံ၍ ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။

ထို့ပြင်ဒေါက်တာမြင့်နိုင်အား ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မုံရွာအကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

ဒေါက်တာမြင့်နိုင်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က ၎င်းကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာအတွက် လုပ်ငန်းရှင်တစ်ဦးထံမှ မော်တော်ယာဉ်တစ်စီး အလှူခံမှု၊ တိုင်းဒေသကြီးအတွင်း တင်ဒါလုပ်ငန်းများချပေးသည့်ကိစ္စ၊ မြေလွတ်မြေလပ်မြေရိုင်း အသုံးချသည့်ကိစ္စ၊ ရွှေအသေးစားလုပ်ကွက်များအား အခွန်ကောက်ခံမှုမပြုသည့်ကိစ္စများတွင် အဂတိဖြစ်ပေါ်သည်ဟုဆိုကာ တိုင်းဝန်ကြီးဟောင်းများဖြစ်သည့် ဦးသန်းညွန့်ဝင်း၊  ဦးစိုးဦး၊ ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဦးလာလ်ထောင်ထန်း၊ ဦးစီးအရာရှိနှစ်ဦးတို့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

NLD ပါတီအစိုးရလက်ထက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူများအနက် တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးခင်မောင်လှသည်လည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသည်။

Most Read

Most Recent