ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်အမှုအား စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဖေဖော်ဝါရီ ၂၈ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ရုံးထုတ်စစ်ဆေးခဲ့ပြီး အထက်ပါအမှုနှင့်ပတ်သက်၍ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
အထက်ပါဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် (၂) အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက စွဲချက်တင်သင့် မသင့် လျှောက်လဲချက်ပေးခဲ့ကြပြီး ဖေဖော်ဝါရီ ၂၈ ရက်ရုံးချိန်းတွင် ယင်းအမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့စွဲချက်တင်ကြောင်း အမိန့်ချမှတ်မှုအပေါ် ယင်းအမှုနှင့်ပတ်သက်၍ ၎င်းတွင် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်တွင် ငြင်းဆိုခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။
အဆိုပါစွဲချက်တင်သည့် အမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေအဖြစ် ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်၊ ဦးရဲထက်နှင့် ဦးမောင်မောင်ကြည်တို့အား တင်သွင်းထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။
ဖေဖော်ဝါ ရီ ၂၈ ရက်ရုံးချိန်း၌ နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းအတွက် မြေနေရာများရယူမှု၊ ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် ဖွင့်လှစ်ရန် မြေနေရာနှင့် အဆောက်အအုံငှားရမ်းမှု၊ နေပြည်တော်လရောင်တောစီမံကိန်းတွင် တစ်ထပ်အဆောက်အအုံတစ်လုံး တည်ဆောက်ရာတွင် ယင်းအဆောက်အအုံသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် ဖောင်ဒေးရှင်းသို့ အများပြည်သူလှူဒါန်းငွေဖြင့် အသုံးပြုတည်ဆောက်သည်ဆိုသည့်အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ယင်းအမှုများနှင့်ပတ်သက်၍ မတ် ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။















