တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဒေါ်လာခြောက်သန်းကျော်ရှိ ဆန်တန်ချိန် ၁၉၂၅၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၇၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဒေါ်လာခြောက်သန်းကျော်ရှိ ဆန်တန်ချိန် ၁၉၂၅၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၇၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်
၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 28 February 2022

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဒေါ်လာခြောက်သန်းကျော်ရှိ ဆန်တန်ချိန် ၁၉၂၅၀ ကျော်တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၇၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၆ ဒသမ ၄၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၉၂၅၀ ခန့်တင်ပို့ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၈၅၀၀ ကျော်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၇၄၀ ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

ဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၁၆၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၇၀၄၀ ခန့်၊ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ ခန့်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၁၀ ကျော်နှင့် ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၂၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ချိန် ၄၀၀၀ ကျော်ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာတစ်သန်းကျော်ပိုမိုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၄၀၅၀ ခန့်၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ခန့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၅၂၀ ကျော် စုစုပေါင်းတန်ချိန် ၃၅၆၂၀ ကျော်၊ တန်ဖိုးဒေါ်လာ ၁၀ ဒသမ ၈၁၆ သန်းခန့်ရရှိကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၉၀၀၀ ကျော်ပိုမိုပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ငါးသန်းကျော်ပိုမိုရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီတတိယပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဒေါ်လာ ၁၄ ဒသမ ၆၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၇၅၀၀ ကျော်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၆၁၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃၈၈၀ ခန့်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၆၀၀၀ ခန့်၊အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၅၀၀ ခန့်၊ ဘာကီနာဖာဆိုနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀၀ ခန့်နှင့် မာလီနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။

ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ချိန် ၂၅ဝဝဝခန့် လျော့နည်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ သန်းကျော်လျော့နည်းခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၆၀၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၈၆၀၀ ခန့်နှင့် အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀၀ ခန့် စုစုပေါင်းတန်ချိန် ၃၀၅၂၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၈ ဒသမ ၉၇ သန်းခန့်ရရှိကြောင်း သိရသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်း တန်ချိန် ၈၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်။            

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent