၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကိုးခုမှ လုပ်ငန်း ၂၇ ခုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၅၅၂ သန်းကျော် ခွင့်ပြု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကိုးခုမှ လုပ်ငန်း ၂၇ ခုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၅၅၂ သန်းကျော် ခွင့်ပြု
မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည့် စက်ရုံတစ်ရုံကို တွေ့ရစဉ်
Published 27 February 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကိုးခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၅၅၂ သန်းကျော် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃၀၄၄ ဒသမ ၇၆၂ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၇၉ ဒသမ ၁ သန်း၊ စက်မှုကဏ္ဍတွင် ဒေါ်လာ ၁၆၂ ဒသမ ၄၈၃ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ ၆၅ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ  ၃၇ ဒသမ ၂၂၉ သန်း၊ ဟိုတယ် နှင့် ခရီးသွားကဏ္ဍတွင် ဒေါ်လာ သန်း ၃၀၊ စက်မှုဇုန်တည်ဆောက်မှု ကဏ္ဍတွင် ဒေါ်လာ ၂၂ ဒသမ ၄ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၆ ဒသမ ၃၇၉ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ် လာ ၅ ဒသမ ၀၄၃ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၅၅၂ ဒသမ ၃၉၆ သန်း ခွင့်ပြုပေးခဲ့သည်။

လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ်မြေထုတ်လုပ်  ခြင်းလုပ်ငန်းများ၊ (ဂ) သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဃ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ (င) တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ (ဆ) ဆေးဝါးနှင့် ကျန်းမာရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ (ဇ)အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အထက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း ၀၁-၆၅၈၁၃၂၊ ၀၉၂၀၁၃၈၂၁ email: dica@mptmail.net.mm နှင့် dica.ip.mm@gmail.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent