လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ရန် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ပြောကြား

လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ရန် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ပြောကြား
Published 23 February 2022

လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ရန် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်မည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဦးဆောင်မှုအလုပ် အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၂၄/၂၀၂၂)တွင် မိန့်ခွန်းပြောကြားရာ၌  နိုင်အောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်းမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့ PPST အနေနဲ့ တတ်နိုင်တဲ့နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်းချမှတ်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်အောင်မင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၄/၂၀၂၂)တွင် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအခင်းအကျင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေး နွေးပွဲဖိတ်ကြားခြင်းကိစ္စ၊ PPST ဦးဆောင်ကျင်းပခဲ့သည့် ပြည်သူ့ညီလာခံအခြေအနေ၊ မကြာမီပြည်တွင်းသို့ လာရောက်မည့်အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အနေအထားတို့ကို ဆွေးနွေးရန် စီစဉ်ထားပြီး တိကျသည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင်လာမည့် မတ်လနှောင်းပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားသည့် NCA-SEAO တို့၏ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပမည့် နေ့ရက်ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ညီလာခံမတိုင်မီ အပြီးပြုလုပ်ရမည့် PPST အကြံပေးဦးဟန်ယောင်ဟွေ ဦးစီးဆောင်ရွက်နေသည့် PPSJT ၏ နိုင်ငံရေးဦးတည်ချက် ခုနစ်ရပ်ကို အခြေခံပြီး လမ်းပြမြေပုံအချောသတ်ရေးအတွက် အရေးကြီးသည့် အလုပ်ရုံဆွေးနွေးပွဲနေ့ရက်များကိုလည်း သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူတိုက်ပွဲများကြောင့် အတိဒုက္ခအမျိုးမျိုးကြုံတွေ့နေရသည့် ပြည်သူလူထု စစ်ဘေးရှောင်များအတွက် ထိထိရောက်ရောက် ဆက်လက်အကူအညီပေးနိုင်ရေးကိုလည်း ဆွေးနွေးပြီး သဘောထားချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီး၏ အမြင်သဘောထားများ ဆွေးနွေးတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုခြင်းများကို ၀ိုင်းဝန်းသုံးသပ်ပေးကြသည့်အတွက် ရှေ့ဆက်သွားမည့် PPST ၏ နိုင်ငံရေးလမ်းကြောင်းအတွက် များစွာအထောက်အကူဖြစ်စေကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

ထို့ပြင် နှစ်ရက်တာအတွင်း ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တစ်ဦးကိုလည်း ပြန်လည်ဖြည့်စွက်ရွေးချယ်အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) စုဖွဲ့မှုပုံစံသစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် အဆုံးအဖြတ်ပေးမည့်  စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ပြီးမြောက်ရေး အတူတကွဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်းကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

Most Read

Most Recent