တိုင်းရင်းဆေးအသုံးပြုပြီး ကိုဗစ်ရောဂါကာကွယ်ကုသနိုင်ရန် သုတေသနဆောင်ရွက်ရာတွင် တိုးတက်မှုများရှိနေပြီး တိကျခိုင်မာသည့်အချက်အလက်များ ပေါ်ထွက်လာခဲ့ပါက တိုင်းရင်းဆေးအသုံးပြု၍ ကိုဗစ်ရောဂါကို ကာကွယ်ကုသနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အကြိမ် (၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားသည့် အမှာစကားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ပေးပို့သည့် အမှာစကားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းမှာ ၆၇ ဒသမ ၄၂ နှစ်ခန့်သာ ရှိနေသည့်အတွက် ဒေသတွင်းနိုင်ငံများနှင့် နှိုုင်းယှဉ်ပါက နိမ့်ကျလျက်ရှိကြောင်း၊ ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများကို သုတေသနလုပ်ငန်းများနှင့် ရှာဖွေဖော်ထုတ်ပြီး မိမိတို့နိုင်ငံအတွက် အရေးတကြီး လိုအပ်သည့် ခေတ်စနစ်နှင့် ကိုက်ညီသည့်နိုင်ငံတော်အဆင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများပေါ်ထွက်လာအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီးဌာနနှင့် နိုင်ငံတော်ကို အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစနစ်ပေါ်ထွန်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးသုတေသန ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းနှင့် သုတေသနတွေ့ရှိမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ပြည်သူများသိရှိစေရန် ပုံမှန်ထုတ်ပြန်ပေးခြင်း လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ ကိုဗစ်ရောဂါကဲ့သို့ ကူးစက်တတ်သည့် ရောဂါများ၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာ စသည့် မကူးစက်တတ်သော နာတာရှည်ရောဂါများနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့်မိမိတို့ပြည်သူများ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများစွာ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်များကို ပြည်သူများ သိရှိစေရေး နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များ၏ သုတေသနဆောင်ရွက်နိုင်မှုစွမ်းရည်ကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တိုင်းရင်းဆေးပညာနှင့်ပတ်သက်သည့် လက်တွေ့အသုံးချသုတေသနများမှတစ်ဆင့် ပြည်သူများလက်တွေ့အကျိုးရှိစေရေးနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာသော၊ သုတေသနပြုထားသော အချက်အလက်များ ပိုမိုရရှိရန်အတွက် တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် တိကျမှန်ကန်သည့် သုတေသနရလဒ်များအပေါ် မူတည်ပြီး ရလဒ်အခြေပြု မူဝါဒများရေးဆွဲခြင်း (Evidence-based Policy Making)၊ ကျန်းမာရေးစီမံချက်များ ရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြသည့် သုတေသီများ ကိုယ်တိုင်ကလည်း မိမိတို့သုတေသနရလဒ်များ၏ အရေးပါပုံကို သေချာစွာသိရှိနားလည်ပြီး သုတေသန ကျင့်ဝတ်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်သည်ကို အမြဲမပြတ်သတိပြု ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သုတေသနကျင့်ဝတ်များနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီး ရရှိလာသည့် သုတေသနရလဒ်များအပေါ် အခြေခံထားသည့်လုပ်ငန်းများကို ဆောင်ရွက်လိုသော စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုသည့်စိတ်ရှိသည့် လူငယ်လူရွယ်များ၊ ပညာရှင်များ များစွာပေါ်ထွက်လာရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။















