မွန်ပြည်နယ်၊ သထုံမြို့တွင် ဖေဖေါ်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦးသေဆုံးပြီး ဇနီးဖြစ်သူနှင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဖေဖေါ်ဝါရီလ (၁၇) ရက် မွန်းလွဲ နှစ်နာရီခန့်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ သထုံ - ဘားအံကားလမ်း မိုင်းတိုင်အမှဝ် (၁/၀) နှင့် (၁/၁) ကြားတွင် ကားလမ်းမပေါ်တွင် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်နေ Honda Wave – 100 အမျိုးအစား ဆိုင်ကယ်ကို ကိုထွန်းထွန်းလင်း မောင်းနှင်လာပြီး ဇနီးဖြစ်သူ မနီမာ နှင့် သားဖြစ်သူ အသက် (၃) နှစ်အရွယ် မောင်ထက်နိုင်လင်း တို့လိုက်ပါလာကြောင်း သိရသည်။
ကိုထွန်းထွန်းလင်းမောင်းနင်လာသော ဆိုင်ကယ်သည် သုံးဘီးဆိုင်ကယ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်လမ်းကြောသို့ ရောက်ရှိသွားပြီး၊ တစ်ဖက်ယာဉ်ကြောမှ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဦးဝင်းနိုင် မောင်းနှင်လာသော ယာဉ်အမှတ် 1C/**** TRUCK (82) အမျိုးအစား ကုန်တင်ယာဉ်၏ ဝဲဘက်ဘန်ဘာအား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ကိုထွန်းထွန်းလင်း တွင် ဦးခေါင်းယာဘက်ပေါက်ပြဲဒဏ်ရာ၊ မနီမာ တွင် နားသွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး မောင်ထက်နိုင်လင်းတွင်မူ ပွန်းခြစ်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“သထုံ - ဘားအံလမ်းပေါ်က ယာဉ်တိုက်မှုမှာ ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားနဲ့သူ့ရဲ့ဇနီးသည်တို့က ဒဏ်ရာပြင်းထန်တယ်။ သူတို့ကို သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးပြီးတဲ့နောက်မှာ အမျိုးသားကတော့ သေဆုံးသွားတယ်လို့ ကြားသိရပါတယ်။ အမျိုးသမီးကိုတော့ ဆက်လက်ဆေးကုသမှု ပေးနေဆဲလို့ သိရပါတယ်။ ကလေးလေးကတော့ ပွန်းခြစ်ဒဏ်ရာတွေ လောက်ဘဲ ရခဲ့ပါတယ်’’ ဟု သထုံမြို့မှ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ ကိုထွန်းထွန်းလင်း အပေါ် ယာဉ်မဆင်မခြေမောင်းနှင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရစေမှုများဖြင့် သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။















