မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးနှင့် ပတ်သက်၍ လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဝန်ခံပြောကြား

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးနှင့် ပတ်သက်၍ လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဝန်ခံပြောကြား
Photo: AFP
Photo: AFP
Published 17 February 2022

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးနှင့်ပတ်သက်၍ လက်လျှော့လိုက်ပြီဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝန်ခံပြောဆိုခဲ့သည်ဟု သိရသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့သည်မှာ တစ်လခွဲခန့်သာ ရှိသေးသော်လည်း နစကအစိုးရသည် နိုင်ငံ၏ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှုမရှိခဲ့ကြောင်းနှင့် ၎င်း၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လက်ကျန်သက်တမ်းအတွင်း ယင်းကဲ့သို့ ဖြစ်လာနိုင်ဖွယ်မရှိကြောင်းလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့အခြေအနေက ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ အခြေအနေပါပဲ” ဟု ဖေဖော်ဝါရီ ၁၆ ရက်က ကရာတီပြည်နယ်တွင်ပြုလုပ်ခဲ့သည့် တံတားဖွင့်ပွဲတစ်ခုတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး မိခါမိမာဆာဟီရို အပါအဝင် ဂုဏ်သရေ ရှိ ဧည့်သည်တော်များရှေ့မှောက်တွင် ဟွန် ဆန်က ပြောကြားသည်။

“သူတို့ကိုယ်တိုင်က အဲဒီလိုလုပ်ဖို့ ဆန္ဒ မရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ စိုးရိမ်ဖို့ မလိုတော့ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

၎င်း၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးသက်တမ်း ကုန်ဆုံးရန် နောက်ထပ် ၁၀ လနှင့် ၁၄ ရက်သာ လိုတော့ကြောင်းနှင့် လာမည့် အာဆီယံဥက္ကဋ္ဌအနေဖြင့် ခက်ခဲသည့် အဆိုပါကိစ္စရပ်ကို ဂရုတစိုက် ကိုင်တွယ်ရ မည်ဖြစ်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်ပခေါင်း ဆောင်တစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံ သို့ သွားရောက်ခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ် ဟွန်ဆန်က ယင်းကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်တွင် သဘောတူညီခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို တိုက်တွန်းခဲ့သည့် ဗီဒီယိုကွန် ဖရင့်စ်ဖြင့် ဆွေးနွေးမှုအပြီး သီတင်းပတ် နှစ် ပတ်ခန့်အကြာတွင် ဟွန်ဆန်က မြန်မာနိုင်ငံ သို့ သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကိုယ်စား လှယ် စေလွှတ်မည်မဟုတ်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဟွန်ဆန်၏ မှတ်ချက် စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ကို အပြည့်အဝလိုက်နာရန် ပျက်ကွက်ခဲ့သည့် အတွက် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း နစကအစိုးရမှ ထိပ်ပိုင်းတာဝန်ရှိသူများကို အာဆီယံက ပိတ်ပင်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း အင်ဒိုနီး ရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး တွင် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ ဘုံသဘောတူညီချက်များနှင့်ပတ်သက်၍ သဘောတူညီခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုများကို ရပ်တန့်ရေး၊ တပ်မတော်နှင့် ဖြုတ်ချခံ NLD အစိုးရအကြား စေ့စပ်ဆွေးနွေးရေး၊ အာဆီယံ အထူးကိုယ် စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင် ငံသို့ သွားရောက်ကာ သက်ဆိုင်သူအားလုံး နှင့် တွေ့ဆုံရေး အစရှိသည့် အချက်များပါ ဝင်နေသည်။

ဟွန်ဆန်အနေဖြင့် ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသည့်အချက် အပါ အဝင် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာ တွင် အားနည်းချက်များ ရှိခဲ့ကြောင်း ကမ္ဘော ဒီးယား၏ နိုင်ငံရေး ဝေဖန်သုံးသပ်သူ အမ် ဆိုဗန်နရီက RFA(ခမာ) သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့ရာတွင် အာဆီယံ အထူးကိုယ်စား လှယ်အနေဖြင့် ယခုနှစ် နှောင်းပိုင်း၌  မြန်မာ နိုင်ငံသို့ သွားရောက်ရန် စီစဉ်နေရာ မျှော်လင့် ချက်ကင်းမဲ့နေသည့် အခြေအနေမျိုးတော့ မဟုတ်ကြောင်းလည်း ၎င်းက အရိပ်အမြွက် ပြောဆိုခဲ့သည်။

“ဒါက လုံးဝကို ရှေ့မတိုးသာ နောက်မ ဆုတ်သာ အခြေအနေမျိုး မဟုတ်သေးပါဘူး။ တခြားနည်းလမ်း တစ်မျိုးနဲ့ စပြီးကြိုးစားကြည့် ကြပါစို့။ ကျွန်တော်တို့ ဆက်ပြီးကြိုးစားမယ်ဆို ရင် ဒါကို ပွဲပြီးသွားပြီလို့ မဆိုနိုင်ပါဘူး” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent