ဘရာဇီးနိုင်ငံ၏ မျက်စိပသာဒဖြစ်ဖွယ် ပက်ထရိုပိုလစ်စ် မြို့တွင် ပျက်စီးဆုံးရှုံးမှု ကြီးမားသော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၉၄ ဦး သေဆုံးကာ ရွှံ့ညွှန်နှင့် အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေး လုပ်သားများက အပူတပြင်း ရှာဖွေလျက်ရှိ သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ရီယိုဒီဂျနေးရိုး မြောက်ပိုင်းရှိ ရှုခင်းလှပသော ခရီးသွား မြို့ လေးဖြစ်သည့် အဆိုပါမြို့တွင် သုံးနာရီအ တွင်း တစ်လတာ မိုးရေချိန်နှင့် ညီမျှသည့် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကာ လမ်းမများသည် ရေစီးသန်သော မြစ်များအသွင် ပြောင်းလဲသွားခဲ့သည်။ လတ်တလောတွင် ပျောက်ဆုံးသူ ၃၅ ဦး ရှိနေဆဲဖြစ်သဖြင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကာ ရွှံ့ထူသော ရေစီးထဲတွင် မျောပါသွားသည့် အိမ်များ၏ ကြွင်းကျန်အပျက်အစီးများကြားတွင် မီးသတ်ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက လိုက်လံရှာဖွေမှုများ လုပ်ဆောင်လျက်ရှိ သည်။
လွန်ခဲ့သည့် သုံးလအတွင်း ဘရာဇီးသို့ အင်အားပြင်းမုန်တိုင်းများ အဆက်မပြတ် ဝင်ရောက်ခဲ့ပြီး ယင်းသည် လတ်တလောဝင် ရောက်ခဲ့သည့် မုန်တိုင်းလည်းဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် အခြေအနေပိုဆိုး ရွားလာခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ လူ ၂၄ ဦးထက်မနည်းကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်ဟု ပြည်နယ် အစိုးရက ပြောကြားခဲ့သည်။














