မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးနှင့်အဆင်ပြေစေရန် ကမ္ဘောဒီးယားနိုင်ငံ၏ အားထုတ်မှုနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ သဘောထားကွဲလွဲ

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးနှင့်အဆင်ပြေစေရန် ကမ္ဘောဒီးယားနိုင်ငံ၏ အားထုတ်မှုနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ သဘောထားကွဲလွဲ
ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယာ)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် (Photo-AP)
ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယာ)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် (Photo-AP)
Published 16 February 2022
Ref: VOA

မြန်မာနိုင်ငံကို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြန်အဆင်ပြေစေရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ကြိုးပမ်းမှုများနှင့်ပတ်သက်၍ ပင်မကုန်းမြေပေါ်ရှိ အာဏာရှင်ဆန်သော အစိုးရများနှင့် ပင်လယ်ပိုင်းကျွန်းစုများမှ ဒီမိုကရေစီအင်အား ကြီးနိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းခဲ့သည်ဟု လေ့လာသူများက ဆိုသည်။

ယင်းကဲ့သို့ ကွဲလွဲမှုများသည် ယခုသီတင်းပတ်အတွင်း ဆီယမ်ရိတွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လွှမ်းမိုးနိုင်သည်ဟုလည်း ၎င်းတို့က ပြောကြားသည်။ ယင်းအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ မတူကွဲပြားမှုများကို ဒူးတိုက်ဆွေးနွေးကာလာမည့်နှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရန် ရှိနေသည်။ က‌မ္ဘောဒီးယားသည် လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကိုတာဝန်ယူထားသည့် နိုင်ငံဖြစ်သည်။

ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် တရုတ်၏သြဇာချဲ့ထွင်ရေးဝါဒကို ထိန်းချုပ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော Quad လေးနိုင်ငံမဟာမိတ်အဖွဲ့နှင့် ဆက်ဆံရေးကဲ့သို့သော ကိစ္စရပ်များသည် ၎င်းအစည်းအဝေးတွင် ဦးစားပေးဆွေးနွေးစရာများအဖြစ် ရှိနေမည်ဖြစ်သကဲ့သို့ ကပ်ရောဂါကာလအလွန် စီးပွားရေး နာလန်ပြန်ထူလာရေး၊ အရှေ့တီမောနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကို အဆုံးသတ်ရေးတို့ကိုလည်း ဦးတည်ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဘင်္ဂါလီအရေးကိစ္စနှင့်စပ်လျဉ်း၍ တည်ရှိဆဲသဘောထားကွဲလွဲမှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်သို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် လာရောက်ခဲ့ပြီးနောက်တွင် သဘောထားကွဲလွဲမှုများမှာ ပေါ်လွင်ထင်ရှားလာခဲ့သည်ဟု လေ့လာသူများက ပြောကြားသည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမြင်မတူညီမှုတွေ ရှိနေတာကတော့ အမှန်တကယ်ပါပဲ။ မြန်မာနဲ့ တိုက်ရိုက် (ဒါမှမဟုတ်) သွယ်ဝိုက်တဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့လို စစ်တပ်ဦးဆောင်မှုအောက်မှာရှိနေတဲ့ နိုင်ငံတွေကို ကြည့်နိုင်ပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာအာဆီယံ ပါလီမန်အမတ်များအဖွဲ့မှ ချားစ်ဆန်တီယာဂိုက ဆိုသည်။

“မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေကတော့ သီးခြားအုပ်စုအဖြစ် အတူတကွ ရပ်တည်နေပါတယ်။ ဒုတိယအုပ်စုဖြစ်တဲ့ သူတို့တွေက ပထမအုပ်စုကို ဖိအားပေးနေပုံရပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပင်မကုန်းမြေပေါ်ရှိ နိုင်ငံများသည် ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံများဖြစ်ကြပြီး ၎င်းနိုင်ငံများသည် စစ်တပ်၏ထိန်းချုပ်မှု (သို့တည်းမဟုတ်) စစ်တပ်၏ ကြီးကြီးမားမား သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေသော်လည်း မလေးကျွန်းဆွယ်နှင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အထိ ဆန့်တန်းတည်ရှိနေသည့် ထောင်နှင့်ချီသော ကျွန်းများသည် ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြပြီး အစ္စလာမ် (သို့တည်းမဟုတ်) ခရစ်ယာန် အယူဝါဒထွန်းကားသည်။

ဘင်္ဂါလီမွတ်စလင်များအပေါ် ဘာသာရေးအရ စာနာထောက်ထားသည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့က နစကအစိုးရနှင့် အာဆီယံ၏ထိတွေ့ဆက်ဆံမှုများကို ကန့်ကွက်ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဘင်္ဂါလီအရေးနှင့် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုတို့ကို လျစ်လျူရှုထားရန် ဆန္ဒရှိနေလိမ့်မည်ဟု သြစတြေးလျရှိ နယူးဆောက်ဝေးစ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ ကားလ်သေယာက ဆိုသည်။

ဗီယက်နမ်စစ်ပွဲကာလအတွင်း ကွန်မြူနစ်ဝါဒလွှမ်းမိုးမှုကို တန်ပြန်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၇ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့သည်။ 

Most Read

Most Recent