မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၄၀၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၄၀၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 8 February 2022

လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၄၀၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင် (Wind Energy) ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါရည်မှန်းချက်ပြည့်မီစေရေးအတွက် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ၁၃ ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူမဂ္ဂါဝပ် ၃၉၀ ဓာတ်အားထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းသုံးခုကိုလည်း ထပ်မံအကောင်အထည် ဖော်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှ မဂ္ဂါဝပ် ၉၀၀ နှင့် ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ် ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

 

 

 

Most Read

Most Recent