ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ကယားပြည်နယ်မှတိမ်း ရှောင်လာသော စစ်ဘေးရှောင်ပေါင်း ၃၀၀၀၀ ကျော် ခိုလှုံနေပြီး ကလေးငယ်များအတွက် စာသင်ကြားပေးနေကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် ပေါင်း ၁၀၀၀၀ ကျော်ရှိကာ ဆီဆိုင်မြို့နယ် တွင် စစ်ဘေးရှောင်ပေါင်း ၂၀၀၀၀ ခန့် ရှိနေ ကြောင်း ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့များထံမှ ဖေဖော်ဝါရီ ၆ ရက်တွင် သိရသည်။
ပင်လောင်းမြို့နယ် နောင်တရားမြို့ (၁) ရပ်ကွက်တွင်ရှိသော စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအတွက် သင်ကြားသင်ယူရေး အတွက် စာသင်ခန်းများဖြင့် စာသင်ကြားပေး နေသည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာ ပြီဖြစ်ကြောင်း နောင်တရားမြို့ စစ်ဘေးရှောင် စခန်းကူညီထောက်ပံ့ရေးကော်မတီထံမှ သိရသည်။ စာသင်ကျောင်း နှစ်ကျောင်းခွဲ၍ သင်ကြားပေးနေခြင်းဖြစ်ကာ ကျောင်း (၁) တွင် ၁၂၀ ဦး၊ ကျောင်း (၂) တွင် ၈၀ ဦးကျော် ကလေးငယ် စုစုပေါင်း ၂၀၀ ကျော် သင်ကြား နေကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ လုပ်ပေးသင့်သလောက် လုပ်ပေးတယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့ပေါ့။ ကျွန်တော်တို့စခန်းမှာ လူ ၈၀၀ ကျော်လောက်၊ ရပ်ကွက်ထဲမှာ ၇၀၀ လောက်၊ လောလောဆယ် ကူညီတာတော့လူ ၁၅၀၀ လောက်ရှိတာပေ့ါ။ စခန်းက လူ ၈၀၀ ကိုတော့ အကျွေးအမွေးအပြီးအစီးပေ့ါ။ ရပ် ကွက်ထဲကိုတော့ ရိက္ခာပေးတာပေ့ါ။ စောင်၊ ခေါင်းအုံး၊ အိုးခွက်ပန်းကန်တို့ ရတာချင်း အ တူတူပဲ။ စခန်းသွင်း လက်ခံထားတာ လူ ၈၀၀ လောက်ပေါ့။ အဲဒီထဲက ကလေးတွေကို စာ သင်ကျောင်းနှစ်ကျောင်း ဖွင့်ထားပေးတာပေါ့။ ကလေးတွေကို သူတို့ဘက်က ပါလာတဲ့ ဆရာမ တွေလည်း သင်တယ်။ ဒီက ရွာထဲက စေတနာ ရှင်ဆရာမတွေလည်း လာသင်ပေးတယ်။ စာ ကျက်ဝိုင်းပုံစံပေါ့။ သင်ကြားသင်ယူမှု မပြတ် လပ်သွားရအောင် စိတ်ဒဏ်ရာသင့်မှုမဖြစ် အောင်နဲ့ အချိန်တွေကို အလဟဿမကုန်ဆုံး အောင်ပေ့ါ။ အချိန်ကတော့ ကျောင်းစာသင် ချိန်နဲ့တူတူပဲ။ စနေ၊ တနင်္ဂနွေတော့ ပိတ်တာ ပေ့ါ။ မဏ္ဍပ်တဲထိုးပြီး သင်တာပေ့ါ။ အစပိုင်း တော်တော်လိုတယ်။ အခုတော့ လှူကြ တန်း ကြ အဆင်ပြေပါတယ်။ ကာလကြာရှည်သွား ရင် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်နေ တယ်။ အဲဒီဟာကိုလည်း လောလောဆယ်စီ စဉ်နေတယ်ပေါ့။ ပန်းရန်လုပ်နိုင်သူ ပန်းရန်၊ လက်သမားလုပ်နိုင်သူ လက်သမားပေါ့။ အဲဒီ လိုစီစဉ်နေတယ်။ ချက်ပြုတ်ရေးက စခန်းတစ် ခုကို မီးဖိုကြီးတစ်ခုပေါ့။ လူ ၃၀၀ အတွက် မီးဖိုတစ်ခုစီနဲ့ အလှည့်ကျ ချက်ကြတာပေ့ါ။ ရုံးပိုင်းကိုလည်း သူတို့ထဲက ပြန်ခန့်ထားတာ ပေ့ါ” ဟု နောင်တရားမြို့ စစ်ဘေးရှောင်စ ခန်း ကူညီထောက်ပံ့ရေးကော်မတီမှ ဦးခွန် ဆန်းဦးက ပြောကြားသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် နှစ် သောင်းသုံးထောင်ကျော်ရှိကာ ဆီဆိုင်မြို့ပေါ် တွင် တစ်သောင်းရှစ်ထောင်ကျော် ရှိကြောင်း ကူညီနေသူများထံမှ သိရသည်။
ဆီဆိုင်မြို့ပေါ်တွင် ဇဝနရာမကျောင်း၌ စစ်ရှောင်အများဆုံးဖြစ်ပြီး RCM သန့်ရှင်းသော ကက်သလစ်ကျောင်းတွင် ၆၀၀ ကျော်၊ တိုင်းရင်းသားနှစ်ခြင်းကျောင်းတွင် ၆၀ ခန့်၊ ဆိုက်ခေါင်၌ ၁၀၀ ခန့် ရှိကြောင်း သိရသည်။ ထို့ပြင် ဥတ္တရကျောင်း၊ ဘုရားဖြူကျောင်း၊ ရှမ်း ကျောင်းတို့တွင် စခန်းများ၊ ရပ်ကွက်လူနေ အိမ်များတွင်လည်း တည်းခိုနေရာထိုင်ခင်း အခမဲ့လက်ခံထားကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်သို့ စတင်တိမ်းရှောင်လာ သောအဖွဲ့မှာ ဒီဇင်ဘာ ၂၁ ရက်က စတင်ဝင် ရောက်ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဝင်ရောက် နေဆဲဖြစ်ကြောင်း၊ နေရပ်ပြန်သူများ မရှိသေး ကြောင်း သိရသည်။
“အဓိကတော့ အိမ်သာပြဿနာပေါ့။ ရေပြဿနာပေ့ါ။ ကျွန်မတို့ကျောင်းက ကုန်း ပေါ်ဆိုတော့ ရေလိုအပ်ချက်ရှိတာပေါ့။ အခု အခိုက်အတန့်လောက်နေတယ်ပေါ့။ နွေရာ သီရောက်ရင် ရေအခက်အခဲ ဖြစ်လာနိုင်တယ်။ စားနပ်ရိက္ခာပိုင်းလည်း ပြဿနာ ပေါ်လာနိုင် တယ်။ အခုမနက်တောင် ဘုန်းတော်ကြီးနဲ့ အစည်းအဝေးထိုင်နေတယ်။ နောက်တစ်လ မှာ ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို” ဟု ဆီဆိုင်မြို့ပေါ်ရှိ ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ဆီဆိုင်မြို့ပေါ်ရှိ RCM သန့်ရှင်းသော ကက်သလစ်ကျောင်းတွင် ၆၀၀ ကျော်ရှိကာ ကလေးငယ်ပေါင်း ၁၂၀ ဦးကျော်ကို စာကျက် ဝိုင်းဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရ သည်။ အဆိုပါကျောင်းတွင် လူဦးရေများပြား သဖြင့် အိမ်သာအခက်အခဲရှိပြီး အကူအညီပေး နိုင်ရန်မျှော်လင့်ကြောင်း ၎င်းင်းက ဆိုသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင် ပိုင်း ဖယ်ခုံမြို့နယ်တို့မှ ဒေသခံ တစ်သိန်းတစ် သောင်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရသည်။















