ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်နယ်မြေစခန်းကို KIA နှင့် PDF တို့က ယနေ့(ဖေဖော်ဝါရီ ၃ ရက်) နံနက် ၄ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးနှင့် တပ်မတော် တပ်သား တစ်ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ရဲကင်းမှာ မန္တလေး-မိုးညှင်း လမ်းပေါ်တွင်တည်ရှိပြီး ရွာနှင့်လယ်ကွင်းခြားနေသဖြင့် ရွာကိုထိခိုက်မှုမရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုမှာ တစ်နာရီနီးပါးကြာဖြစ်ပေါ်ခဲ့ပြီး လက်နက်လေးလက် ဆုံးရှံးခဲ့ပြီး နေအိမ်၊ ကား မီးလောင်ဆုံးရှံးခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက '' ပစ်ခတ်ကြတာက လက်နက်ကြီးငယ်တွေ အစုံပဲ။ ရွာသားတွေက အိမ်အောက် ဆင်းပုံးနေကြရတာ။ နာရီဝက်ကျော်မယ်။ တရစပ်ဝုန်းဒိုင်း ဒက်ဒက်သံက မပြတ်တော့ဘူး ။သေတာက နှစ်ဦးတဲ့။ ရဲနှင့် တပ်မတော်သားတွေထွက်ပြေးကြတယ်လို့သိရတယ်။ စခန်းကမီးလောင်တယ်။ ရွာသားတွေ ဘယ်သူမှ အပြင်မထွက်ရဲကြသေးဘူး။ အိမ်တွေပေါ်လည်း ကျည်ဆန်ငယ်တွေ ကျတယ်ဗျ။ရွာနဲ့စခန်းက လယ်ကွင်းခြားနေလို့ရွာမထိတာ။ အခုအထိစစ်ဆင်ရေး ဝင်နေတုန်းရှိသေးတယ်''ဟု ပြောကြားသည်။
ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ ရက် ညက ရွှေကူမြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ပူတာအို ဒေသတွင်လည်း တပ်မတော်စခန်းများ တိုက်ခိုက်ခံရကြောင်း ဒေသတွင်း အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်တွင် နိုင်ငံရေးအခြေအပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် ဖားကန့်ဇယ်ဇင်းဒေသ၊ မတ် ၁၂ ရက်တွင် ကာမိုင်းဒေသ၊ မတ် ၁၅ ရက်တွင် တနိုင်း လီဒိုလမ်းပိုင်းနှင့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင် မြစ်ဆုံအထက်ပိုင်း ဒေသများနှင့် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်းမြို့နယ်ခွဲတို့တွင် တပ်မတော်နှင့် ကေအိုင်အေ ပစ်ခတ်မှုများ စတင်ဖြစ်ပေါ်ခဲ့ ပြီးနောက် နောက်ပိုင်းကာလ ပစ်ခတ်တိုက်ခိုက်မှုများတွင် PDF တပ်ဖွဲ့ဝင်များပါဝင် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။















