သတ်မှတ်ကုန်စည်လိုင်းများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ လိုင်စင်ကြိုတင်လျှောက်ထားလိုပါက ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း ကြေညာ

သတ်မှတ်ကုန်စည်လိုင်းများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ လိုင်စင်ကြိုတင်လျှောက်ထားလိုပါက ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း ကြေညာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 27 January 2022

2017 Customs Tariff of Myanmar အရ သတ်မှတ်ကုန်စည်လိုင်းများကို   ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ လိုင်စင်ကြိုတင် လျှောက်ထားလိုပါက ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ပြည်ပမှ တင်သွင်းသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်လိုင်းအဖြစ် 2017 Customs Tariff of Myanmar အရ HS.Code 6 digit ဖြင့် ကုန်စည် ၄၅၁ လိုင်း သို့မဟုတ် HS.Code 10 digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ သတ်မှတ်ထုတ်ပြန်သော ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၂၀/၂၀၂၂)ဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါသတင်းလွှာ၏ပူးတွဲပါ ကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သတ်မှတ်ထားရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်ရက်မတိုင်မီ သွင်းကုန်လိုင်စင်များအား ကြိုတင်လျှောက်ထားလိုပါက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည် ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent