၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလခွဲအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုစလုံး လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၈၆၉ သန်းကျော် လျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလခွဲအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုစလုံး လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၈၆၉ သန်းကျော် လျော့ကျ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 25 January 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလခွဲအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုလုံး လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ  ၈၆၉ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၄ အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၈ ဒသမ ၂၉၅ ဘီလျံသာရှိသည်။ ယခင်နှစ်ကာလတူတွင် ပြည်ပကုန်သွယ်ပမာဏဒေါ်လာ ၉ ဒသမ ၁၆၄ဘီလျံအထိ ကုန်သွယ်မှုပြုလုပ်ထားသည်။

လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်းကုန်သွယ်မှုဆောင်ရွက်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၈၆၉ ဒသမ ၀၂၅ သန်းလျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၁၉၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏဒေါ်လာ ၄၀၉ သန်းကျော်လျော့ကျခဲ့သည်။

သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၄ ဒသမ ၀၉၇ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုပမာဏ ဒေါ်လာ ၄၅၉ သန်းကျော်လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

 

Most Read

Most Recent